ချစ်သောနိုင်ငံကိုလေ ကာကွယ်ကြစို့မသွေ

 

ချစ်သောနိုင်ငံကိုလေ ကာကွယ်ကြစို့မသွေ

             လူတစ်ဦးတွင် သူ၏မိသားစု ရှိပေသည်။ ထိုမိသားစုတွင် သူ့ကို ကျွေးမွေးပြုစု ယုယပေးသော မိခင်၊ဖခင်များရှိပြီး တစ်အူထုံဆင်း မောင်နှမသားချင်းများလည်း ရှိသလို ဆွေမျိုးသားချင်းဝမ်းကွဲညီအကိုမောင်နှမများလည်း ရှိကြပေသည်။ မိဘမောင်ဘွား များ နှင့် အတူနေထိုင်ရာ သီရိဂေဟာအသိုက်အမြုံကလေးလည်း ရှိပေသည်။ ဆွေမျိုး သား ချင်းတို့ဖြစ်သော မောင်နှမဝမ်းကွဲများသည်လည်း မိမိတို့ခြံအတွင်း သီးခြားကွန်းခိုရာများ ဖြင့် နေထိုင်ကြပေသည်။ ငယ်စဥ်တောင်ကျေး ကလေးဘဝမှ ကြီးပြင်းလာသည်အထိ နေစရာနေရာ အိပ်စက်နားခိုရာ နေရာလည်းဖြစ်ပေသည်။ သို့ဆိုလျှင် ဤနေစရာဘုံလေး သည် ကျေးဇူးတင်စရာနေရာ သို့မဟုတ် ကျေးဇူးကြွေးရှိနေသော နေရာလေးလည်း ဖြစ်နေပေသည်။

သီရိဂေဟာ

             ကျေးဇူးရှင်အား ကျေးဇူးကြွေးပြန်ဆပ်သင့်သည်မှာ လောက ဓမ္မတာ ဟု ဆိုရပေမည်။   အကယ်၍ ကျေးဇူးမဆပ်ချင်ရင်လည်း ကျေးဇူးတော့ မကန်းသင့် သည်ကတော့ အမှန်ပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မိမိဘဝကို အထောက် အကူပြုခဲ့သည့် မိမိဘဝကိုလုံခြုံမှုပေးခဲ့သည့် သည်ဝန်းနှင့်သည်နေရာသည်ကိုတော့ ဖျက်လိုဖျက်ဆီး မလုပ်သင့်ကြပေ။ အရိပ်နေနေ အခက်ချိုချိုး မလုပ်သင့်ကြပေ။ အခုတော့ တစ်ခြားအိမ်တွေ၏ အရိပ်ကိုမျှော်ကိုး၍ မိမိအိမ်ဝန်း၏ ရှိရင်းစွဲအရိပ်ကို ချိုးဖဲ့ကြသည့်လုပ်ရပ်မှာ အတော်ပင် အကျည်းတန်လှသည်။ သီရိဂေဟာ၏ ဂုဏ် သတင်းကို ညှိုးနွမ်းစေသည်သာမက အိမ်ဝန်းအတွင်းနေ ဆွေမျိုး သားချင်းများ၏ အမျိုးဂုဏ်သိက္ခာကိုပါ ပွန်းပဲ့စေသည်။

အမျိုးဂုဏ်သိက္ခာ

             အမျိုးဂုဏ်သိက္ခါကိုကာကွယ်ဖို့ အားလုံးတွင်တာဝန်ရှိနေသည်။ ရှေးခေတ် အခါကစ၍ မြန်မာတို့ဇာတိမာန် ဇာတိသွေးတို့ သွေးနီစွေးခဲ့ကြသည်။ လက်ဝဲသုန္ဒရ အမတ်ကြီးက သူ၏ နန္ဒီသေနပျို့တွင် "သူ့တပ်တို့တပ်၊ စစ်မြေရပ်ဝယ်၊ ကြပ်ကြပ်တည်း တည်း၊ စည်းစည်းရုံးရုံး၊ နှလုံးမတွန့်၊ စိတ်လိုလွန့်လျက်၊ သက်စွန့်များသူ၊ နိုင်မြဲယူလော့၊ သူတို့မှတ်ရိုး၊ စစ်မက်ထိုးသော်၊ အားကြိုးတင်းတင်း၊ လူချင်းချင်းကို၊ ဘယ်မင်းဖက်ပြိုင်၊ ဘယ်တပ်ဆိုင်အံ့၊ သူ့နိုင်ငံသား၊ သံမှုန့်စားမှ၊ တို့ဓားတုံးမည်၊ မှတ်တော်တည်လော့"ဟု ထည့်သွင်းစပ်ဆိုခဲ့တာ မှတ်သားမိသည်။ စစ်မက်ထိုးရာတွင် သူ့နိုင်ငံသား၊ သံမှုန့်စားမှ၊ တို့ဓားတုံးနိုင်မည်ဟူသော စိတ်ဓာတ်ဖြင့် ကြိုးကုတ်လုံ့လဖြင့် နောက်မတွန့်ပဲ တိုက်ခိုက် သင့်ကြောင်း စပ်ဆို၍ မြန်မာ့စစ်သည်တို့၏ တိုက်စွမ်းရည်နှင့် ဂုဏ်သိက္ခာကို ဖော်ကျူး ခဲ့လေသည်။

တစစ်တမက် ကိုယ်နှင့်သက်ကို

               ထိုပျို့တွင်ပင် မြန်မာစစ်သည်တို့ အသက်နှင့်ခန္ဓာကို စစ်ပွဲတွင်နှင်းဆက်လျက် အားကြိုးမာန်တက် တိုက်ခိုက်မည်ကိုလည်းကောင်း၊ သားစဥ်မြေးမြစ်ပြောထုံးဖြစ် အောင် မာန်ဟုန်ပြင်းပြင်းဖြင့် မဆုတ်မနစ်တိုက်ခိုက်ပါမည်ဟုလည်းကောင်း ဤသို့တွေ့ ရသည်။ "မြိုင်ဝေတောကြီး၊ ဤခရီးဝယ်၊ ချည်းနှီးသက်သက်၊ သေသော့ထက်ကား၊ ဆက်လက်တညီ၊ တစီတလျဥ်၊ သားစဥ်မြေးမြစ်၊ ပြောထုံးဖြစ်အောင်၊ နစစ်တမက်၊ ကိုယ်နှင့်သက်ကို၊ နှင်းဆက်တိုက်မည်၊ အားသံရည်၍၊ ဦးလည်မသုန်၊ ထမ်းပါကုန်လော့၊ ဂဠုန်မင်းအား၊ မရှောင်ရှားပဲ၊ နဂါးရန်တွေ့၊ ခြင်္သေ့နှင့်ယုန်၊ ပြိုင်သော့ဂုဏ်သို့၊ မာန်ဟုန် ပြင်းချိန်၊ ကလိင်္ဂရာဇ်၊ ပေါ့သောစစ်ကို၊ မနစ်မဆုတ်၊ အားထုတ်ဝမ်းရွှင်၊ ထမ်းစေချင်ဟု၊ ပဲ့ပြင်နားပါး သွင်းသွင်းတည်း။" 

ရှေးမြန်မာစစ်သည်တို့၏ စိတ်ဓာတ်

             တွင်းသင်းတိုက်ဝန်ရေးသားသည့် မဟာဇနကပျို့တွင် မြန်မာတို့၏ မူလကပင် စစ်စိတ်ဓာတ်မျိုးစေ့ရှိပုံ၊ စစ်တိုက်ခိုက်ရာ၌လည်း စစ်စိတ်ဓာတ်ခိုင်ကျည်ရဲရင့်ပုံ နှင့် မဆုတ်မနစ် ဆင်ကိုဆင်ချင်း မြင်းကိုမြင်းချင်း ယှဥ်ပြိုင်တိုက်ခိုက်ရာ ရန်သူ့တပ်ပျက် သည်ထိ စိတ်အားထက်ထက်ဖြင့် တိုက်ခိုက်ပုံတို့ကို မျက်မြင်တွေ့ဘိသကဲ့သို့ ရေးဖွဲ့လဲ့ သည်-"သစ်ငုတ်ကျားဆီး၊ မှုကြီးရေးခွင်၊ ရှေ့ဖျားတင်၍၊ ဆင်လျှင်ဆင်ချင်း၊ မြင်းလျှင် မြင်းလိုက်၊ တိုက်တိုက်သရွေ့၊ တွေ့တွေ့သမျှ၊ ကာလမရွေး၊ တို့တဝေးကား၊ အရေးမရှု၊ ဗိုလ်ထုပျက်ချည်း၊ ယှဥ်တိုင်းလည်းစိမ့်၊ မသရည်းချင်၊ ချဥ်သီးမြင်သော်၊ ပါးပြင်စက်စို၊ လျှာရည်ယိုသို့၊ တကိုယ်ရည်ဖက်၊ ရှင်မှုထွက်က၊ သက်မမှတ်ချင်၊ ဝင်၍​ဖြုတ်ဖြုတ်၊ အူ သည်းနုတ်အံ့၊ သုတ်သုတ်မြန်သက်၊ စိတ်ထက်ထက်နှင့်၊ ရှင့်လက်ရွေးဆန်၊ တို့တသွန် ကား၊ တံခွန်စိုက်ချည်း၊ အသည်းထပ်မျှ၊ တူတန်ကြသည်၊ သူရရဲဘော်ရန်ခွင်းတည်း။"

တစ်ဝမ်းတည်းဖွား လူအလား

             တစ်နယ်တစ်ကျေး စစ်မြေဝေးသို့ ဦးဆွေးဆံမြည့်ထမ်းဆောင်ရန်သွားကြ သည့် ရဲဘော်ရဲဘက်အချင်းချင်း ရိုင်းပင်းကူညီမှု၊ ချစ်ခင်ကြင်နာမှု၊ စည်းလုံးညီညွတ်မှုရှိ ရန် အထူးလိုအပ်ပုံ၊ တစ်ဝမ်းတည်းဖွား လူအလားသို့ ညှာတာထောက်ထားကြပုံ၊ စစ်ချီ စစ်ဆင် စစ်ထိုးရာတွင် အစစအရာရာ တစုတစည်းတည်းရှိကြပုံတို့ကို နန္နီသေနပျို့တွင် " တိုက်လည်းဖြိုးဖြိုး၊ ထိုးလည်းရုတ်ရုတ်၊ ဆုတ်လည်းညီညီ၊ ချီလည်းကြွကြွ၊ ရပ်လည်း မှန်မှန်၊ ပြန်လည်းစိုက်စိုက်၊ စစ်တိုက်ပီပီ၊ စစ်ချီစစ်သွား၊ ဖြစ်သောအားကြောင့်၊ ထူးပြား မစိုး၊ မညှိုးမနွမ်း၊ တဝမ်းတည်းဖွား၊ လူအလားသို့၊ တပါးမရွယ်၊ ဥပါယ်မခို၊ မယိုမဖိတ်၊ တစိတ်တည်းကျုံး၊ တချာရုံး၍၊ နှလုံးမကွဲကြစေနှင့်"ဟုဖွဲ့ဆိုခဲ့သည်။

ရှေးမြန်မာတပ်မတော်

             ရှေးမြန်မာတပ်မတော်သည် ပုဂံခေတ်မှစ၍ ဆယ်ပြုမြို့၊ ရာပြုမြို့၊ ထောင်ပြုမြို့ စနစ်ဖြင့် စုဆောင်းကြောင်းကို ဦးကုလားရာဇဝင် ပထမအုပ်၌ တွေ့ရသည်။ မာဃဒေဝ လင်္ကာအရလည်း ပတ္တိတပ်၊ သေနာမုခတပ်၊ ဂုမ္ဗတပ်၊ ဂဏတပ်၊ ဝါဟိနီတပ်၊ ပုတနာတပ်၊ စမုတပ်၊ အဏိကီနိတပ်၊ ခေါဘဏိတပ်ဟုဖွဲ့စည်းထားကြောင်း သိရသည်။ "တပ်ဖွဲခေါ ဘဏီ၊ တလီမှတ်ထုံး၊ ပေါင်းစုရုံးသား၊ ဝါးလုံးခြောက်ဆယ်၊ စည်းခြောက်ဆယ်ကို၊ မြု့နှယ်မုန့်၍၊ အမှုန့်ဖြစ်စေ၊ နင်းကြချေသည်၊ ဗိုလ်ခြေစစ်သည်၊ ခေါဘဏီ တည့်"ဟု လည်းဖွဲဆိုထားသည်ကိုကြည့်က စစ်အင်္ဂါလေးပါးပါသော စစ်တပ်ကြီးချီတက်ရာလမ်း တွင် ဝါးအလုံးခြောက်ဆယ်စည်းမျိုး အစည်းပေါင်း၆၀ကို ဖုန်မြူမှုန်ဖြစ်အောင် နင်းချေ သွားသောတပ်ဟုဆိုသည်။ ပင်းယတစ်စီးရှင် သီဟသူလက်ထက်တွင်လည်း မြင်းသင်း၊ ဒိုင်း၊ ကာ၊လေး စသည့်အစုအသင်းများ တိုးချဲ့ဖွဲ့စည်းကြောင်းကို ထိုခေတ်ရေးဖွဲ့ကြသော ကာချင်းကဗျာများ၌ တွေ့ရသည်။

             ဆင်ဖြူရှင်လက်ထက် သက္ကရာဇ် ၁၁၂၈ခုနှစ်၌ လက်ဝဲသုန္ဒရအမတ်ကြီးရေးသား စပ်ဆိုသည့် နန္ဒီသေနပျို့တွင် "မြို့ရွာကျေးလက်၊ စုရုံးထွက်၍၊ ရဲမက်ပေါင်းမြောက်၊ တကျိပ်ယောက်မူ၊ အကြပ်တသီး၊ တင်တုံပြီးမှ၊ အကြီးရွေးယူ၊ တကျိပ်လူတွင်၊ အုပ်သူ အမတ်၊ တယောက်မှတ်၍၊ အမတ်ဆယ်ဦး၊ တတပ်မှူးတည့်၊ တပ်မှူးဆယ်ကို၊ ဗိုလ်တ ဗိုလ်တည့်၊ ဆယ်ဗိုလ်တွင်ချုပ်၊ နတ်ရှင်အုပ်မှ၊ မလှုပ်မရှား၊ သို့ခန့်ထား၍၊ ချီသွား လုပ်ကြံ ချင်သတည်း"ဟု ဆိုသည်။ ထိုသို့လူ၁၁ ယောက်ကို အကြပ်၁ကလည်းကောင်း၊ အကြပ် ၁၀ယောက်ကို တပ်မှူး၁ဦးကလည်းကောင်း၊ တပ်မှူး၁၀ယောက်ကို စစ်ကဲ၁ဦးက လည်းကောင်း၊ စစ်ကဲ၁၀ယောက်ကို  တပ်မင်း၁ဦးကလည်းကောင်း၊ ဘုရင့်နောင် လက်ထက်က တပ်မင်း၁ဦးအုပ်ချုပ်သော စစ်သည် တစ်သောင်းပါဝင်သော တပ်ဖွဲ့စည်း မှုဖြစ်သည်။ အင်းဝခေတ်တွင် အစဖွဲ့စည်းပုံများတူပြီး အမတ်၁၁ယောက်ကို တပ်မှူး ၁ဦး၊ တပ်မှူး၁၀ယောက်ကို ဗိုလ်၁ဦး၊ ဗိုလ်၁၀ယောက်ကို ဘုရင်ကအုပ်ချုပ်သော စစ်သည် ၁သိန်းပါဝင်သော ဖွဲ့စည်းပုံဖြစ်သွားသည်။

             ဘကြီးတော်လက်ထက် သက္ကရာဇ် ၁၁၈၉ခုနှစ်၌ မုံရွေးဆရာတော်ရေးဖွဲ့သည့် ကုသပျို့သစ်တွင် စစ်သည်၁၀၀၀တပ်ဖွဲ့စည်းပုံကို "ခြေသည်များတွင်၊ ငယ်သားပေါင်း မြောက်၊ ဆယ်ယောက်တကြပ်၊ ဆယ်ကြပ်ရှိလျှင်၊ သွေးသောက်တင်မှ၊ အင်အားတောင ်လောက်၊ ဆယ်သွေးသောက်ကို၊ တယောက်တပ်မှူး၊ ရာထူးသီးသန့်၊ တဗိုလ်ခန့်၍၊ သက်စွန့်စွန့်ရဲ၊ စစ်ကဲဘယ်ညာ၊ ဝဲယာနာခံ၊ စီမံစုဝေး၊  တပ်ရေးနှစ်ယောက်၊ ခန့်မြောက် မလပ်၊ ဗိုလ်တပ်တပ်ရံ၊ တစံတနည်း၊ ဖွဲ့စုစည်း၍၊ ကြည်းတပ်အများ၊ မနားမဖင့်၊ ချီစေ လင့်သည်၊ မိုးနှင့်မြေရေတုန်သတည်း"ဟု စပ်ဆိုခဲ့သည်။ တပ်ဖွဲ့စည်းပုံ၌ ပိုမိုထူးခြား လာသည်မှာ သွေးသောက်၊ တပ်ရေး၊ နာခံစသည့် အမှုထမ်းများကို ဖော်ပြလာခြင်း ဖြစ်သည်။ သွေးသောက်သည် တပ်သား၁၀၀ယောက်ကို အုပ်ချုပ်ရကြောင်း ဤပျို့တွင် ရှေးဦးတွေ့ရှိရသည်။ မည်သို့ပင်ဆိုစေကာမူ ရှေးတပ်မတော်သည် ဤသို့ဖွဲ့စည်းမှုများ ဖြင့် စုဖွဲ့ခဲ့ကြောင်းတွေ့ရှိရသည်။

ခေတ်အဆက်ဆက်တပ်မတော်

             ပြည်ထောင်စုမြန်မာနိုင်ငံတော်အနေဖြင့် ခေတ်အဆက်ဆက်တွင် တိုင်းနိုင်ငံ အား ကာကွယ်ရန်အတွက် တပ်မတော်ဖွဲ့စည်း၍ တိုက်ခိုက်ကာကွယ်ခဲ့ကြသည်ကို တွေ့ရှိရသည်။ ခေတ်အဆက်ဆက်တွင်လည်း ပြည်ဖျက်မည့်အန္တရာယ်များကို တွေ့ကြုံ ဖြေရှင်း ကျော်လွှားခဲ့ကြသည်။ သို့ဖြစ်၍ အမိနိုင်ငံကိုကာကွယ်ရန်သည် ဖွဲ့စည်းတည် ဆောက်ထားသည့် တပ်မတော်အပြင် ပြည်သူများဖြင့်ပါ ပူးပေါင်းပါဝင် ရင်ဆိုင်ခဲ့ကြ သည်။ အနီးစပ်ဆုံး စီစီဝမ်-တာပန်တိုက်ပွဲစဥ်တွင် ပြည်သူအများက ထမင်းထုပ်နှင့် မုန့်များပို့ခြင်း၊ ထိုအထုပ်များထဲတွင် တရားသောစစ်အောင်နိုင်စေကြောင်း အားပေး စာများပင် ပါရှိခဲ့ကြသည့်အပြင် လူနာစစ်သည်ကောက်ခြင်း၊ ဆေးရုံသို့ပို့ဆောင် ခြင်းများ ကို တိုက်ပွဲဧရိယာအနီးသို့ပင် ချဉ်းကပ်ဆောင်ရွက်ခဲ့သည်ကို သိခဲ့ရသည်။ တပ်နှင့် ပြည်သူ လက်တွဲကူ၍ မြန်မာနိုင်ငံတော်ကြီးအား ကာကွယ်စောင့်ရှောက်ခဲ့သည့် သာဓက များအနက်မှ တစ်ခုပင်ဖြစ်သည်။ တပ်မတော်နှင့်ပြည်သူဆက်စပ်ဆောင်ရွက်မှုကြောင့် သောင်းကျန်းသူရန်ကို ဟန့်တားတိုက်ဖျက်ကာကွယ်နိုင်ခဲ့တာပဲ ဖြစ်သည်။

ပြည့်အင်အားက ပြည်တွင်းမှာ

             ယခုတစ်ဖန်တွင်လည်း အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း မြန်မာနိုင်ငံဆိုသည့် သီရိဂေဟာရိပ်မြုံလေးအား ဖျက်လိုဖျက်ဆီးလုပ်မည့်သူများ ပေါ်လာချေပြီဖြစ်ကာ ထို အန္တရာယ်ကို ကျော်ဖြတ်လွှားရမည့် အခြေအနေတွင် ပြည်သူအများပူးပေါင်းပါဝင်၍ နိုင်ငံ တော်ကာကွယ်ရေးပညာအား ပြတတ်မြောက်ထားရန်လိုအပ်လာသည်။ သို့ပါ၍ မိမိနယ် မြေ၊ မိမိဒေသအားကာကွယ်ရန် ပြည်သူစစ်မှုထမ်းခြင်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေတို့ ပေါ်လာချေပြီဖြစ်သည်။ ထိုဥပဒေများတွင် အရန်တပ်ဖွဲ့ဥပဒေသည် စစ်မှုထမ်းဆောင် ခြင်းမှ အငြိမ်းစားယူထားသည့် ၅နှစ်အတွင်း တပ်မတော်သားဟောင်းများနှင့်သာ သက်ဆိုင်ပါသည်။ ပြည်သူစစ်မှုထမ်းခြင်းဥပဒေနှင့်ပတ်သက်၍ သက်ဆိုင်သည်များကို တာဝန်ရှိသူများ ရှင်းလင်းနေကြသည်ကို ကြားသိရသည့် ရည်ရွယ်ချက်မှာ တို့တာဝန် အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊အချုပ်အခြာအာဏာတည်တံခိုင်မြဲရေးဆိုသည့် တို့တာဝန်အရေး ၃ပါး ပင်ဖြစ်ကြောင်းတွေ့ရသည်။

          We are Myanmar

သို့ပါ၍ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားဖြစ်သည့်အတွက် အမျိုးကိုချစ်သည့်စိတ်၊ နိုင်ငံကို ချစ်သည့်စိတ်များဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ သတ်မှတ် အသက် အပိုင်းအခြားရှိ သူများ စစ်မှုထမ်းကြရန်ဖြစ်သည်။ ပြည်ဖျက်များအနေဖြင့် စိုးရိမ်နေကြသည်မှာ နိုင်ငံသူ နိုင်ငံသားများ နိုင်ငံတော်ကာကွယ်ရေးပညာ တတ်မြောက်သွားမည်ကိုလည်းကောင်း၊ နိုင်ငံကာကွယ်ရေးတာဝန်ထမ်းဆောင်ရင်းဖြင့် စည်းလုံးညီညွတ်သွားမည်ကို လည်း ကောင်း၊ အမျိုးသား​ရေးစိတ်ဓာတ်များရှင်သန်လာမည်ကိုလည်းကောင်းတို့ ဖြစ်ကြောင်း သိသာထင်ရှားနေသည်။ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ပြည်သူလူထုအကျိုးကိုရှေးရှု၍ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒီနေ့ပဲသင်တန်းတက်/သင်တန်းဆင်း/ ရှေ့တန်းထွက်ပုံစံမျိုးမဟုတ်ကြောင်း၊ မိမိကျွမ်းကျင်သည့်ကဏ္ဍအလိုက်တာဝန်ထမ်း ဆောင်ရန်ဖြစ်ကြောင်း၊ခေတ်သစ်စစ်ပွဲများတွင် လက်နက်ချင်းယှဥ်ပြိုင်တိုက်ခိုက်ခြင်း ထက် များစွာကျယ်ပြန့်လာပြီး ကွန်ပြူတာ အိုင်တီကျွမ်းကျင်သူက ဆိုင်ဘာတိုက်ခိုက်မှုမှ ကာကွယ်ရန်၊ စီးပွားရေးကျွမ်းကျင်သူက စီးပွားရေးအရ တို့ဖြစ်ကြောင်း၊ အခြေခံစစ် ပညာသင်ကြားပြီးနောက်သက်ဆိုင်ရာကျွမ်းကျင်သည့်ပညာအလိုက်နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရန်ဖြစ်ကြောင်းသိရှိရသည်။ မည်သို့ဆိုစေကာမူ We are Myanmarစိတ်ဖြင့် ချစ်သောနိုင်ငံကို ကာကွယ်စောင့်ရှောက်ကြရမည်မှာ နိုင်ငံသားတိုင်း ၏တာဝန်ပင်ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။

ဗန်ညို