အိုးစားဖက်ရှာ မြန်မာပေမို့

အိုးစားဖက်ရှာ မြန်မာပေမို့

ချစ်တဲ့သူငယ်လေ

သူငယ်ချင်းကောင်း ယောက်မတို့လေ။

သူများမောင်မှာ

စစ်သံကြားလျှင် နာဖျားဥပါယ်ခိုကြတယ်။

နှမလေး မယ်တို့မောင်မှာ

စစ်သံကြားလျှင် ရွှေဓားပိုက်ကာ

အိုးစားဖက်ကို လိုက်လို့ရှာသည်

ရိက္ခာကနည်း မိုးကသည်းနှင့်

သင်းတွဲကို ကူးပါလိမ့်မလားတော်။

စစ်မှာတမူ

နှမလေးမယ့်ထက်ဖြူကို ယူမလားတော်။

စစ်မှာ ယွန်းမ

နှမလေးမယ့်ထက်လှကို ရမလားတော်။

စစ်မှာဆွေမျိုး

ဘိုးဘွားမောင့်မှာ ရှိသလားတော်။

စစ်မှာတမူ

နှမလေး မယ့်ထက်ဖြူကို မယူဘူးဗျာ။

စစ်မှာ ယွန်းမ

နှမလေးမယ့်ထက်လှကို မရဘူးဗျာ။

စစ်မှာဆွေမျိုး

ဘိုးဘွားမောင့်မှာ မရှိဘူးဗျာ။

ရေမြေ့အရှင် ရှင်ဘုရင်က

အမိန့်တော်စာနှင့် အပါချသည်

လိုက်ရတော့မယ်။

မြင်းမှာအုန်းခွံ ကျွန်မှာကုလား

ဓားမှာမိုးကြိုး ယွန်းပုဆိုးနှင့်

အိုးစားဖက်စုံ စစ်သည်ပုံမှာ

ကျွန်ယုံစားမို့ မောင်ကလေးငယ်

မောင်သာလိုက်တဲ့ တောင်ပတ်လည်နှင့်

ဇင်းမယ်ဆိုသည် ညိုတဲ့မြို့မှာ

ပျိုလွမ်းဖွယ်လေး။ ။

အထက်ပါ ကဗျာလေးမှာ “စစ်မှာတမူ”အမည်ရှိ “အိုင်ချင်း”အမျိုးအစားကဗျာဖြစ်ပြီး တောင်တွင်းရှင်ငြိမ်းမယ်က ရေးသားခဲ့ခြင်းဖြစ်သည်။ စာရေးသူနှစ်သက်စွဲလန်းခဲ့ရသော မြန်မာဂန္ထဝင် ကဗျာလေးတစ်ပုဒ်လည်းဖြစ်သည်။ ထိုကဗျာလေးကို ရွတ်ဆိုမိချိန်တိုင်း၌ ထူးခြားလေးနက်သော စိတ်ခံစားချက်တို့ကို နက်ရှိုင်းစွာထိတွေ့ခံစားခဲ့ရသည်။ အထူးသဖြင့် နိုင်ငံတော် ကာကွယ်ရေးတာဝန်ထမ်းဆောင်ရန်လိုအပ်ချက်ရှိ၍ စစ်မှုထမ်းဆောင်ရန်နှိုးဆော် အကြောင်းကြားချက်ရရှိထားသဖြင့် လှုပ်လှုပ်ရှားရှားဖြစ်နေသော လူ့အသိုက်အဝန်းတစ်ခုကို ဦးစွာထိတွေ့မြင်ယောင် မိခဲ့သည်။

ယင်းနောက် စစ်မှုထမ်းဆောင်ရန်အတွက် ရရာလက်နက်ဆွဲကိုင်ကာ သေဖော်ရှင်ဖက်၊ တိုက်ဖော်တိုက်ဖက်၊ ရဲဘော်ရဲဖက် တစ်နည်းအားဖြင့် ရိက္ခာအတူချက်ပြုတ်စား သောက်မည့် အိုးစားဖက်ကို လိုက်လံရှာဖွေနေသူ လူငယ်တစ်ယောက်နှင့် အလားတူစွာ အိုးစားဖက်ကို လိုက်လံရှာဖွေနေကြသည့် စစ်မှုထမ်းဆောင်ရန်အသင့်ဖြစ်နေကြသော လူငယ်လူရွယ်များ စွာကိုလည်း တွေ့မြင်ရသည်။ ထိုမြင်ကွင်းနှင့် တွဲယှဉ်လျက်ပင် စစ်တိုက် ထွက်ရန်အတွက် အများတကာတို့ထက် စိတ်အားထက်သန်လွန်းသော ချစ်သူမောင်အပေါ် ဘဝင်မကျစိတ်၊ စိုးရိမ်စိတ်တို့ဖြင့် မျက်နှာထားသုန်မှုန်နေရှာသည့် မိန်းမပျိုလေး၏ အသွင် သဏ္ဌာန်ကိုလည်း စာရေးသူတွေးမြင်မိခဲ့ရသည်။

ယင်းနောက်တွင်မှ စစ်ထွက်တော့မည့် ချစ်သူမောင်အပေါ် သူမခံစားရသည်များကို မိန်းမပျိုလေးက အခြားအရွယ်တူ မိန်းမပျိုလေးများထံ ပေါက်ကွဲပြောဆို ရင်ဖွင့်နေသည်ကို ထိတွေ့ခံစားမိရသည်။ ယင်းတို့မှာ “ချစ်တဲ့သူငယ်ချင်းတို့၊ ယောက်မတို့ရေ ကြည့်စမ်းပါဦး သူများတကာချစ်သူတွေမှာတော့ စစ်မှုထမ်းရမယ်ဆိုတဲ့အသံကြားရင် ဖျားသလိုလို၊ နာ သလိုလိုနဲ့ အကြောင်းပြရှောင်ချင်ကြတယ်၊ ပျိုလေးရဲ့ချစ်သူမောင်ကတော့ စစ်မှုထမ်းရမယ့် သတင်းကြားလိုက်ကတည်းက ရွှေဓားပိုက်ပြီး အိုးစားဖက်၊ ရဲဘော်ရဲဖက်ကို လိုက်ရှာနေ တော့တာပဲ၊ မိုးကလည်းသည်းသည်းမဲမဲရွာနေချိန်ဆိုတော့ ရိက္ခာကိုလည်း နည်းနည်းပဲသယ် နိုင်ကြလိမ့်မယ်၊ ဒါတောင် မြစ်ရေချောင်းရေတွေကို ကူးနိုင်ဖြတ်နိုင်ကြပါ့မလားမသိဘူး” ဟူ ၍ ကြားယောင်နားလည်မိပါသည်။

ချစ်သူတို့သဘာဝ ဘဝင်မကျဖြစ်နေသူ မိန်းမပျိုလေးက ချစ်သူမောင်ကိုလည်း အလွတ်မပေးဘဲ “မောင်မောင်က ပျော်နေမှာပေါ့ စစ်ချီတဲ့လမ်းခရီးတစ်လျှောက်မှာ ပျိုလေး ထက် အသားပိုဖြူပိုချောတဲ့ မိန်းမပျိုလေးတွေ တွေ့ရင်ယူဖို့ ရည်ရွယ်ထားတယ်မဟုတ်လား၊ ဒါမှ မဟုတ် စစ်ချီရာအရပ်ဖြစ်တဲ့ ယွန်းပြည်မှာ နှမလေးထက်ပိုလှတဲ့ ယွန်းအမျိုးသမီးကို ရမယ်လို့ထင်နေတာလား၊ ဒီလောက်အထိ စစ်တိုက်ထွက်ချင်ရအောင် စစ်ပွဲထဲမှာ မောင့်ရဲ့ ဆွေမျိုးဘိုးဘွားတွေ ရှိနေလို့လားတော်”ဟု၍ ငြူစူစွာ ပြောဆိုစိတ်ကောက်နေသည်ကို မြင် ယောင်မိပြန်ပါသည်။

ထိုအချိန်တွင်ပျိုလေး၏ချစ်သူ စစ်ထွက်လူရွယ်က “စစ်တိုက်ထွက်ရင်း နှမလေး မယ့်ထက်အသားပိုဖြူတဲ့သူကို တွေ့ရင်လည်း ဟောဒီမောင်က ဘယ်တော့မှ မယူပါဘူး၊ စစ်တိုက်ထွက်ရင်း ယွန်းမလေးတွေ တွေ့မယ်ဆိုရင်တောင် မောင်ချစ်ရတဲ့ ဟောဒီက နှမလေးလောက် လှတဲ့မိန်းခလေးမျိုးကို တွေ့ရမှာမဟုတ်ပါဘူး၊ မောင့်အတွက်တော့ မောင်ချစ်သူနှမလေးသာ အားလုံးထက် အလှဆုံးပါ၊ စစ်မှာမောင့်ရဲ့ ဆွေမျိုးဘိုးဘွားလည်း မရှိရပါဘူး၊ ရေမြေ့အရှင် ရှင်ဘုရင်က အမိန့်တော်စာနှင့် မလိုက်မနေရ အပါခေါ်လို့ လိုက်ရမှာမှာ နှစ်မလေးရယ်၊ မြင်းမှာအုန်းခွံတဲ့ မောင့်စီးတော်မြင်းကအုန်းခွံရောင်မို့ စိတ်ချရ ပါတယ်၊ ကျွန်မှာကုလားတဲ့ မောင့်ကိုအကူအညီပေးမယ့်သူကလည်း ကုလားအမျိုးအသားမို့ စိတ်ချရတယ်၊ မောင်ကိုင်တဲ့ဓားကလည်း မိုးကြိုးသားနဲ့ရောခတ်ထားတဲ့ ဓားကောင်း တစ်လက်မို့ ဘယ်လက်နက်မျိုး၊ ဘယ်ရန်သူမျိုးကိုမဆို ရင်ဆိုင်အနိုင်ယူနိုင်ပါတယ်၊ ဝတ်ထား တဲ့ပုဆိုးကလည်း ယွန်းပုဆိုးမို့ ပေါ့ပါးပြီးခိုင်ခန့်ပါတယ်၊ ဒါ့အပြင် မောင်ရှာထားတဲ့ အိုးစားဖက်၊ စစ်တိုက်ဖော်စစ်တိုက်ဖက် စစ်သည်တော်တွေရဲ့ပုံကိုလည်း ကြည့်လိုက်စမ်း ပါဦး၊ ယုံကြည်အားကိုးရတဲ့ ကျွန်ယုံလူရင်းတွေပါ မောင့်အတွက် ပျိုလေးစိတ်မပူပါနဲ့၊ ဒါပေမဲ့ တောင်ပတ်လည်ဝိုင်းပြီး ညို့ညို့ဆိုင်းနေတဲ့ ဇင်းမယ်မြို့ကိုရောက်လို့ အချိန်တွေကြာနေရင် တော့ မောင်ချစ်တဲ့ပျိုလေးကို လွမ်းနေရတော့မှာ အမှန်ပါပဲ”ဟူ၍ နားလည် ခံစားမိရပါသည်။

အထက်ပါခံစားချက်များအပြင် ခေတ်ကာလနောက်ခံကို အတွေးချဲ့မိရာတွင် မိမိနိုင်ငံ၊ မိမိတို့လူ့အဖွဲ့အစည်းအပေါ် ချစ်စိတ်၊ မြတ်နိုးစိတ်၊ လေးစားတန်ဖိုးထားစိတ်တို့လည်း သိမ်မွေ့နက်နဲစွာ နိုးထရှင်သန်လာခဲ့ရပါသည်။ မိမိတို့နိုင်ငံသည် စစ်ပွဲများကိုမကြားခဏ ရင်ဆိုင်ရလေ့ရှိသည့် နိုင်ငံဖြစ်ကြောင်း၊ မိမိတို့လူ့အဖွဲ့အစည်းသည်လည်း နိုင်ငံ့ကာကွယ်ရေး အတွက် စစ်မှုရေးရာကိစ္စများနှင့် ရင်းနှီးကျွမ်းဝင်နေကြကြောင်း၊ နိုင်ငံတော်မှ နိုင်ငံ့ကာကွယ် ရေးအရ လိုအပ်ချက်ရှိချိန်တိုင်းတွင် နိုင်ငံသားများအား စစ်မှုထမ်းရန် ဆင့်ခေါ်သည့် ထုံးတမ်း ဓလေ့ရှိသည့်နိုင်ငံဖြစ်ကြောင်းတို့ကို စိတ်ဝင်စားဖွယ်ရာတွေ့ထိခံစားမိရပါသည်။

မိမိတို့လူ့အဖွဲ့အစည်းတွင် စစ်မှုထမ်းဆောင်ရန် အခြေအနေတစ်ရပ်ရပ် ဖြစ်တည်လာ ချိန်၌ နိုင်ငံ့ကာကွယ်ရေးအတွက် စိတ်အားထက်သန်စွာ စွန့်လွှတ်စွန့်စား စစ်မှုထမ်းဆောင် ကြသည့် အမျိုးကောင်းသား အာဇာနည်များစွာရှိသည့်နိုင်ငံဖြစ်ကြောင်းကိုလည်း ဂုဏ်ယူ ဖွယ်ရာတွေ့ရှိရသည်။ ရှေးခေတ်မြန်မာ့တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး အတွက် တပ်မတော်ဖွဲ့စည်းတည်ဆောက်ရာ၌ နိုင်ငံတော်အတွင်းရှိ စစ်တိုက်နိုင်သောလူငယ် လူရွယ်များကို စစ်မှုထမ်းဆောင်ရန် အမိန့်တော်ဆင့်လူသူစုဆောင်းသည့် ပြည်သူဗဟိုပြု တပ်မတော်စနစ်ကို ကျင့်သုံးဖော်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းလည်းတွေ့ရှိရသည်။  စစ်မှုထမ်း ဆောင်ရန် ဆင့်ခေါ်ခြင်းခံရသော လူငယ်လူရွယ်တို့အနေဖြင့် တိုက်ဖော်တိုက်ဖက်၊ အိုးစား ဖက် တစ်နည်းအားဖြင့် ရဲဘော်ရဲဖက်များကို သူ့ထက်ငါဦးအောင် အပြေးအလွှားရှာဖွေလျက် စစ်ထွက်ရန်ပြင်ဆင်နေကြသည့်ပုံရိပ်မှာ “စစ်မှာတမူ” အိုင်ချင်းကဗျာ၏ မြတ်နိုးဖွယ်ရာ အကောင်းဆုံးသော အနှစ်သာရပင်ဖြစ်သည်။

ဤယနေ့အချိန် မိမိတို့နိုင်ငံတော်သည် ပြည်တွင်းပြည်ပ အဖျက်သမားများ၏ အလုံးစုံ ပျက်သုန်းရေးဦးတည်သည့် အကြမ်းဖက်မှုများကို ရင်ဆိုင်တွေ့ကြုံနေရသည့်အချိန်ဖြစ်သည်။ အဖျက်သမားအားလုံးက ဒီမိုကရေစီအရေးအတွက်ဟု အယောင်ပြအရေခြုံဖုံးကွယ်ထားကြ သော်လည်း ယင်းတို့အားလုံး၏အဓိကရည်မှန်းချက်မှာ ပြည်ပကြိုးကိုင်သူများလမ်းကြောင်း ပြထားသည့်အတိုင်း နိုင်ငံတော်ကိုအစိတ်စိတ်အမြွာမြွာ ဖြိုခွဲဖျက်ဆီး၍ နယ်မြေအပိုင်အုပ်စိုး မင်းမူနိုင်ရေးသာဖြစ်သည်။

နိုင်ငံတော်ကာကွယ်ရေးတာဝန်ဟူသည် တပ်မတော်တွင်သာ တာဝန်ရှိခြင်းမဟုတ်ဘဲ နိုင်ငံသားအားလုံးနှင့်လည်း သက်ဆိုင်ပေသည်။ “၂၀၀၈ ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၈၅ ၌လည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့်နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၌ တာဝန်ရှိသည်”ဟု ပြဋ္ဌာန်ထားသည်ကို တွေ့ရသည်။ ဤယနေ့လက်ရှိ အချိန်၌ အမိနိုင်ငံတော်၏ ဒို့တာဝန်အရေးသုံးပါးတာဝန်ကို ကျေပွန်အောင်မြင်စွာ ထမ်း ဆောင်နိုင်ရေး လိုအပ်ချက်အတွက် “ပြည်သူ့စစ်မှုထမ်းဥပဒေ”အား နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက အမိန့်ကြော်ငြာစာအမှတ်၊ ၂၇/၂၀၂၄ ရက်စွဲ၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်ဖြင့် ထုတ်ပြန်ကြော်ငြာခဲ့သည်ကိုတွေ့ရသည်။ 

ယင်းနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတော်၏ အကြမ်းဖက်မှုများကိုသက်ဆိုးရှည်စေလို သည့် ပြည်ပနိုင်ငံကြီးအချို့နှင့် ၎င်းတို့၏ကိုယ်ပွားသတင်းဌာနများ၊ အမျိုးသစ္စာဖောက် လက်ကိုင်တုတ်သတင်းဌာနများ၊ ပြည်တွင်းသောင်းကျန်းသူ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့ကို ထောက်ခံသူများက ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်အပေါ် ပြည်သူအများ စိုးရိမ်စိတ်ဖြစ်ပေါ်စေရန်အပြင် ပြည်သူအချင်းချင်းစိတ်ဝမ်းကွဲပြားစေရန်နှင့် တပ်မတော် အပေါ် မုန်းတီးစိတ်များဝင်လာစေရန်တို့အတွက် လုပ်ကြံသတင်းတု၊ သတင်းမှားအမျိုးမျိုး ဖြင့် မှိုင်းတိုက်ဝါဒဖြန့်မှု အမျိုးမျိုးလုပ်ဆောင်လျက်ရှိသည်ကိုတွေ့ရသဖြင့် ပြည်သူများစိုးရိမ် ပူပန်ခြင်း မရှိကြဖို့လိုပေသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေ ပြဋ္ဌာန်းခြင်းနှင့်ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင်က ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်၌ တွေ့ဆုံအမှာစကားပြောကြားရာတွင် “ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေကို နိုင်ငံတော်တွင်ဖြစ်ပေါ်နေသည့် အခြေအနေများအရ ထုတ် ပြန်ခဲ့ကြောင်း၊ နိုင်ငံသားတိုင်းတွင် နိုင်ငံတော်ကိုကာကွယ်ရန်တာဝန်ရှိသဖြင့် ပြည်သူ့စစ်မှု ထမ်းဥပဒေကို ယခင်ကတည်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် ဒို့တာဝန် အရေး သုံးပါးကို ကာကွယ်စောင့်ရှောက်ရန်အတွက်ဖြစ်ပြီး ယင်းဥပဒေနှင့်ပတ်သက်၍ တွက်ချက် ချင့်ချိန်ဆောင်ရွက်သွားမည်ဖြစ်ပြီး သတ်မှတ်အသက်အပိုင်းအခြားအတွင်းမှ သင့်တင့် လျှောက်ပတ်သည့် အင်အားကိုသာ တာဝန်ထမ်းဆောင်ရန်ဖြစ်ကာ နိုင်ငံအတွက်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း”၊ အရန်တပ်ဖွဲ့ဥပဒေ နှင့် ပတ်သက်၍လည်း “စစ်မှုထမ်းဟောင်းအားလုံးကို ပြန်လည်ခေါ်ယူမည်ဟုမဆိုလိုဘဲ၊ ခေါ်သင့် ခေါ်ထိုက်သူများကိုသာ ပြန်လည်ခေါ်ယူတာဝန်ပေးအပ်သွား မည်ကြောင်း” ပြောကြားသွား ခဲ့သည်။

ယင်းအပြင် စစ်မှုထမ်းဥပဒေဟူသည်မှာ ကမ္ဘာ့ထိပ်သီးအင်အားကြီးနိုင်ငံများနှင့် အခြားသောနိုင်ငံအသီးသီးတို့၌လည်း ကျင့်သုံးနေကြကြောင်းကို သိရှိထားသင့်ကြပေသည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြစ်သည့် အမေရိကန်၊ တရုတ်၊ ရုရှား၊ အစ္စရေး၊ တောင်ကိုရီးယား နှင့်အခြားသော နိုင်ငံများစွာတို့၌ လက်တွေ့ကျင့်သုံး၍၎င်းတို့၏ကာကွယ်ရေးအင်အားကို တောင့်တင်းခိုင်မာ စေရန်တည်ဆောက်ထားကြကြောင်းတွေ့ရသည်။ ရုရှားနိုင်ငံတွင် အမျိုးသားတိုင်း ဥပဒေနှင့်အညီ စစ်မှုထမ်းကြရသည့်အပြင် အသက် ၅၀ နှစ်သည့် အရွယ် တိုင်အောင် အရန်အင်အားအဖြစ် စာရင်းသွင်းထားခြင်းခံရသည်။ အိမ်နီးချင်းနိုင်ငံများဖြစ် သော ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မ စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်း ကျင့်သုံး လျက်ရှိကြသည်။ မိမိတို့နိုင်ငံ၌ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ စစ်မှုထမ်းရန်အကျုံးဝင်သူ အနည်းဆုံး ၁၃ သန်းရှိသော်လည်း နှစ်စဉ် ၅ သောင်း ထက်မပိုသော ဦးရေကိုသာခေါ်ယူမည်ကြောင်း သိရှိရသည့်အတွက်လည်း ပြည်သူတို့အနေ ဖြင့် စိုးရိမ်ပူပန်ရန် လိုအပ်မည်မဟုတ်ကြောင်းတွေ့ရှိရသည်။

ထို့ကြောင့်ပင် နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ကြမည့် လူငယ်ရွယ်များ၏ နှလုံးသားထဲ၊ အသွေးအသားထဲ၌ ကိန်းအောင်းရှင်သန်နေသည့် အမျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် များဖြင့် ပေါင်းစပ်တည်ဆောက်ထားသွားမည့် ခေတ်သစ်မြန်မာ့တပ်မတော်ကြီး၏ အသွင် သစ်၊ အသွေးသစ်၊ အင်အားသစ်တို့ကို တွေ့မြင်ခွင့်ရတော့မည်ဖြစ်၍ ဝမ်းမြောက်ပီတိဖြစ်မိ ရပါကြောင်း ဂုဏ်ပြုရေးသားအပ်ပါသည်။

ဘုန်းရဲနိုင်(ဂန့်ဂေါ)