စစ်မှန်သောမျိုးချစ်စိတ်ဓာတ်နှင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်

 

စစ်မှန်သောမျိုးချစ်စိတ်ဓာတ်နှင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးခရီးကိုကြည့်ပါက ရှည်လျားသောအတိတ်သမိုင်းများနှင့် ပြည့်နှက်လျက်ရှိပေသည်။ နယ်ချဲ့အင်္ဂလိပ်နှင့် ဖက်ဆစ်ဂျပန်တို့၏လက်အောက်တွင် သူ့ကျွန်ဘဝနှင့် အချုပ်အခြာမဲ့ခဲ့ရသောကာလ၌ မြန်မာပြည်သူများအဖို့ ခက်ခဲကြမ်းတမ်းသောဘဝ၊ စက်ဆုပ်ဖွယ်ကောင်းသောဘဝအစုံစုံတို့ကိုဖြတ်သန်းခဲ့ရပေသည်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလသည် ခက်ခဲသောကာလရှည်ကြီးဖြစ်ခဲ့ရသည်။ တစ်မျိုးသားလုံး တန်ဖိုးထားရသည့် လွတ်လပ်ရေးကို ရယူပေးခဲ့ကြသော ခေတ်အဆက်ဆက်သူရဲကောင်းများကို လေးစားဂုဏ်ပြုရမည်ဖြစ်ပါသည်။ ထို့ပြင် လွတ်လပ်ရေး၏တန်ဖိုးကို သိရှိနားလည်ပြီး ပြန်လည်လက်လွတ်မဆုံးရှုံးရအောင် ထိန်းသိမ်းရန်မှာလည်း မြန်မာနိုင်ငံသားတိုင်းနှင့် သက်ဆိုင်ပေသည်။

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလတွင် လွတ်လပ်ရေးရပြီး လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းသောင်းကျန်းမှုကတစ်ဆက်တည်းပါလာခဲ့သည်။ လွတ်လပ်ရေးရပြီး ၇၆ နှစ်တာကာလအတွင်း လက်နက်စွဲကိုင်မှုကြောင့် ဒေသအတွင်းမတည်ငြိမ်မှုများဖြစ်ပေါ်ခဲ့ရသည်။ မတည်ငြိမ်မှုများကြောင့်လည်း ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရသည်။ ၁၉၄၈ ခုနှစ်၊ မတ်လတွင် ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုဆန့်ကျင်ခြင်း၊ ကေအင်ဒီအိုများတောခိုဆန့်ကျင်ခြင်း၊ ၁၉၅ဝပြည့်နှစ်မှ ၁၉၅၅ ခုနှစ်အတွင်း ကူမင်တန်(တရုတ်ဖြူ)ကျူးကျော်မှု၊ ၁၉၅၈ ခုနှစ်တွင် ဖဆပလနှစ်ခြမ်းကွဲပြီး အိမ်စောင့်အစိုးရဖြင့်ထိန်းသိမ်းခဲ့ရမှု၊ ၁၉၆၂ ခုနှစ်တွင် ရှမ်းတိုင်းရင်းသားများ၏ ပြည်နယ်ခွဲထွက်ခွင့်တောင်းဆိုချက်ကြောင့် တော်လှန်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကိုထိန်းသိမ်းခဲ့ရမှု၊ ၁၉၈၈ ခုနှစ်တွင် အထွေထွေသပိတ်ပေါ်ပေါက်လာခဲ့မှုတို့ကြောင့် နိုင်ငံတော် အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးမဆုံးရှုံးအောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့ရမှု၊ ၂၀၁၁ ခုနှစ်တွင် KIA ၏ တစ်ကျော့ပြန်စစ်ပွဲဖန်တီးမှု၊ ၂၀၁၅ ခုနှစ်တွင် ဖုန်ကြားရှင်ဦးဆောင်သော MNDAA တို့၏ နိုင်ငံတော်အချုပ်အခြာအာဏာထိပါးမှုများဖြစ်ပေါ်ခဲ့ရသည်။ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနှင့် လွတ်လပ်ရေးမဆုံးရှုံးစေရေးတို့အတွက် တပ်မတော်၏ဦးဆောင်မှု၊ ပြည်သူတို့၏ပူးပေါင်းမှုဖြင့် ကာကွယ်ထိန်းသိမ်းခဲ့ရပေသည်။

မြန်မာ့နိုင်ငံရေးခရီးသည် ကြမ်း၏။မြန်မာ့လွတ်လပ်ရေးကားခရီးမိုင်ရှည်လျားခဲ့သည်။ လွတ်လပ်ရေးရပြီး ၇၆ နှစ်တာကာလအတွင်း အတက်အကျ၊ အနိမ့်အမြင့်များစွာဖြင့် ခက်ထန်ကြမ်းတမ်းခဲ့ရသည်။ လွတ်လပ်ရေးနှင့်အတူ တပ်မတော်သည်လည်း အခက်အခဲပေါင်းများစွာကို တာဝန်ယူဖြေရှင်းခဲ့ရသည်။ သမိုင်း၏အတွေ့အကြုံဖြင့် အားသာချက်၊ အားနည်းချက်ကို ဆင်ခြင်သုံးသပ်လျက် မျက်မှောက်ကာလကို အကောင်းဆုံးကျော်ဖြတ်လျက်ရှိသည်။ ကျွန်တော်တို့နိုင်ငံအနေဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အရေးကြီးသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပျက်ပြားခြင်းသည် ပြည်ထောင်စုပြိုကွဲခြင်း၏အစပင်ဖြစ်သည်ကို ကျွန်တော်တို့နားလည်ကြရမည်။

ထို့ပြင် "နိုင်ငံတစ်နိုင်ငံအတွက် နိုင်ငံသားများ၏ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးသည် အလွန်အရေးကြီးပါသည်။ မျိုးချစ်စိတ်ဓာတ်ဆိုသည်မှာ မိမိတိုင်းပြည်၊ မိမိလူမျိုး၊ မိမိဘာသာ၊ စာပေ၊ ယဉ်ကျေးမှုကို ချစ်မြတ်နိုးသည့်စိတ်၊ တိုင်းပြည်နှင့်လူမျိုးကိုထိပါးပါက မချိအောင်နာသည့်စိတ်ပင်ဖြစ်ပါသည်။ မျိုးချစ်စိတ်ဓာတ် အားနည်းပါက တိုင်းပြည်နှင့်လူမျိုးအတွက်များစွာအန္တရာယ်ရှိနိုင်ပါသည်" ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်ကို မှတ်သားမိပါသည်။

မျက်မှောက်ကာလတွင် မျိုးချစ်စိတ်ဓာတ်နှင့်ပတ်သက်၍ အလေးထား အသိပေးနှိုးဆော်ပေးရမည့် အချိန်အခါကာလဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် လွတ်လပ်သောနိုင်ငံအဖြစ်သို့ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့သလို မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ဖြင့်ပင် ပြည်ထောင်စုကြီး နှစ်ပေါင်းထောင်ချီ တည်တံ့ခိုင်မြဲအောင် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ပါသည်။ လက်ရှိအချိန်အခါတွင် နိုင်ငံသားများအကြား၌ မျိုးချစ်စိတ်ဓာတ် အားနည်းနေသည့် လက္ခဏာများရှိနေသည်ဟု ထင်မြင်ယူဆရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံနှင့်လူမျိုးအကျိုးကိုရှေးရှု၍ မျိုးချစ်စိတ်ဓာတ် ထက်သန်ခိုင်ကျည်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

ကမ္ဘာပေါ်ရှိ နိုင်ငံများ၏ လူမျိုးအသီးသီးတို့သည် မိမိနိုင်ငံ၊ မိမိလူမျိုးကို ချစ်မြတ်နိုးသည့်စိတ်၊ မိမိနိုင်ငံ၊ မိမိလူမျိုးကိုထိလျှင် မခံနိုင်သောစိတ်၊ မိမိနိုင်ငံ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရမည့်စိတ်ဓာတ်များကို စွဲမြဲစွာခံယူကျင့်သုံးနေကြပါသည်။ ယင်းသည် နိုင်ငံအသီးသီးရှိ ပြည်သူများ ကိုယ်စီထားရှိကြသော မျိုးချစ်စိတ်ဓာတ်ဖြစ်ပါသည်။ ထိုစိတ်ထားများမထားရှိဘဲ သူတစ်ပါးကို အားကိုးသည့်စိတ်ဖြင့် အချင်းချင်းစိတ်ဝမ်းကွဲနေကြမည်ဆိုလျှင် ထိုနိုင်ငံ၊ ထိုလူမျိုးတို့၌ မျိုးချစ်စိတ်ဓာတ် ပါးလျားပျက်သုဉ်းလာပြီး နောက်ဆုံးတွင် တိုင်းပြည်ပြိုကွဲပျက်စီးခြင်းအဖြစ်သို့ ရောက်ရသည်ကို မြင်တွေ့နိုင်ပါသည်။

မြန်မာနိုင်ငံတွင် ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေကို ဆင်ခြင်ကြည့်မည်ဆိုလျှင် မျိုးချစ်စိတ်ဓာတ် ပါးလျားလာခြင်းသည် အဓိကအကြောင်းရင်းခံဖြစ်သည်။ မျိုးချစ်စိတ်ဓာတ် ပါးလျားလာခြင်း၏ ဇာစ်မြစ်သည် ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ အာဏာစွဲများကို အကြောင်းခံ၍ သွေးကွဲစေသော ပရိယာယ်အမျိုးမျိုးမှ ပေါ်ပေါက်လာသည်ဟုဆိုနိုင်သည်။ လွတ်လပ်ရေးမရမီကာလ သွေးကွဲမှုများ၊ လွတ်လပ်ရေးရပြီးကာလ သွေးကွဲမှုများ၊ မျက်မှောက်ကာလ သွေးကွဲမှုများသည် မျိုးချစ်စိတ်ဓာတ် ပျက်သုဉ်းခြင်းအကျိုး ဖြစ်လာသည်။ မျိုးချစ်စိတ်ဓာတ် ပျက်သုဉ်းသောအခါ အချင်းချင်းမညီညွတ်ဘဲရန်လိုတုဖက် ပဋိပက္ခများဖြင့် မငြိမ်းချမ်းခြင်း၊ မတည်ငြိမ်ခြင်း၊ မဖွံ့ဖြိုးခြင်းတို့ ဖြစ်ပေါ်လာသည်။

အဓိကမှာ မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိဘာသာ၊ မိမိစာပေ၊ မိမိတို့ယဉ်ကျေးမှုတို့ကို မလေးစားခြင်း၊ တန်ဖိုးမထားပစ်ပယ်ခြင်း၊အခြားနိုင်ငံ၊ အခြားလူမျိုး၊ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုတို့ကို တန်ဖိုးထားအထင်ကြီးခြင်းတို့သည် မျိုးချစ်စိတ်ဓာတ်လျော့ပါးပျက်သုဉ်းစေသော အချက်များဖြစ်သည်။ မျိုးချစ်စိတ်ဓာတ် လျော့ပါးပျက်သုဉ်းလာသောအခါ မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုတို့ကို ချစ်ခင်မြတ်နိုးတန်ဖိုးထားမှု မရှိနိုင်တော့ဘဲ မိမိတို့အသိုက်အဝန်းကို မိမိတို့ကိုယ်တိုင်ဖျက်ဆီးဖို့ရန် ဝန်လေးခြင်းမရှိတော့ပေ။ ထို့ကြောင့် မျက်မှောက်ကာလတွင် နိုင်ငံ၏ယဉ်ကျေးမှုဓလေ့စရိုက်နှင့် မဆီလျော်သည့် မဖြစ်သင့်မဖြစ်ထိုက်သော စိတ်မချမ်းမြေ့စရာများ၊ မနှစ်မြို့ဖွယ်ရာအဖြစ်များနှင့် ကြုံတွေ့လာရသည်။ မိမိဘာသာ၊ သာသနာ၊ လူမျိုးနှင့် ယဉ်ကျေးမှုများကို ဖျက်ဆီးသည့်လုပ်ရပ်များ ပြုလုပ်လာကြသည်ဟု ယုံကြည်မိသည်။

သို့ဖြစ်ရာ တိုင်းရင်းသားလူမျိုး ပြည်သူအားလုံးတို့၏ ယဉ်ကျေးမှုအစဉ်အလာများကို ထုတ်ဖော်မြှင့်တင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စများကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက အရေးကြီးသောကိစ္စရပ်တစ်ရပ်အဖြစ်၊ အမျိုးသားရေးတာဝန်အဖြစ် ခံယူကြရမည်ဖြစ်ကြောင်း နားလည်ရမည်ဖြစ်သည်။

 ထိုကဲ့သို့ စစ်မှန်သည့်မျိုးချစ်စိတ်ဓာတ်ဖြင့် ယနေ့လူငယ်များအနေဖြင့်လည်း နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်ကိုထမ်းဆောင်နိုင်ရမည်ဖြစ်သည်။ ထိုသို့ တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်အတွက် အမျိုးသားကာကွယ်ရေးမူဝါဒကိုချမှတ်ကျင့်သုံးခဲ့ပါသည်။ မိမိနိုင်ငံ၏ သမိုင်းကြောင်း၊ လူမှုစီးပွားရေးအခြေအနေ၊ ဒေသအတွင်းနိုင်ငံများ၏ အခြေအနေ၊ ပထဝီအနေအထားနှင့် တပ်မတော်၏ သမိုင်းအစဥ်အလာတို့ကိုပြုပြင်သုံးသပ်၍ အမျိုးသားကာကွယ်ရေးမူဝါဒ (၆)ချက်ကို ချမှတ်ခဲ့သည်။ ၎င်းတို့အနက် နိုင်ငံ့အတွက် အရေးကြီးပြီး အဓိကကျသည့်အချက်မှာ "တပ်မတော်ကိုမဏ္ဍိုင်ပြု၍တိုင်းရင်းသားပြည်သူများ၏ ပြည်တွင်းစွမ်းအားစုများအပေါ်အခြေတည်ကာ ပြည်သူ့စစ်မဟာဗျူဟာဖြင့် နိုင်ငံတော်ကာကွယ်ရေးတည်​ဆောက်ရန်" ဟု ကာကွယ်ရေးစက္ကူဖြူစာတမ်း (၂၀၁၅) တွင် အတိအကျ ဖော်ပြထားပါသည်။

ထို့အတူ "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ကာကွယ်ရေးမဟာဗျူဟာမှာ ပြည်သူ့စစ်မဟာဗျူဟာဖြစ်ပါသည်။ တပ်မတော် (ကြည်း၊ ရေ၊ လေ)ကို မဏ္ဍိုင်ပြု၍ ပြည်သူတစ်ရပ်လုံးပါဝင်သော ပြည်သူ့စစ်မဟာကို ကျင့်သုံးလျက် နိုင်ငံတော်၏ မြေပြင်၊ ရေပြင်၊ ဝေဟင်ပိုင်နက်များအတွင်း ကျူးကျော်ဝင်ရောက်တိုက်ခိုက်လာမည့် ပြည်ပရန်သူများအား ဟန့်တားထိန်းချုပ် တွန်းလှန်ချေမှုန်းရေးပင် ဖြစ်သည်" ဟု ကာကွယ်ရေးမဟာဗျူဟာကိုလည်း ချမှတ်ခဲ့ကြသည်။

သို့ဖြစ်၍ မှန်ကန်သည့်မျိုးချစ်စိတ်နှင့် နိုင်ငံတော်ကို ကာကွယ်ဖို့ရန်မှာ အရွယ်ရောက်ပြီးသောနိုင်ငံသားတိုင်း၏တာဝန်ဖြစ်သည်။ နိုင်ငံသားတိုင်းလည်းမှန်ကန်သော မျိုးချစ်စိတ်အရင်းခံရန်ဖြစ်သည်။ တစ်ဦးချင်းကိုယ်စီကိုယ်စီ မျိုးချစ်စိတ်ဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နိုင်ရန်နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် အာဏာတည်ကြောင်းကို အမိန့်အမှတ် ( ၂၇/၂၀၂၄) ဖြင့် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် (၂၇/၂၀၁၀) ဖြင့်ပြဋ္ဌာန်းထားခဲ့ခြင်းဖြစ်သည်။ အဆိုပါဥပဒေသည် ၂၀၀၈ ခုနှစ်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၅တွင် "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်ရေးစောင့်ရှောက်ရေးသည်နိုင်ငံသားတိုင်း၏တာဝန်ဖြစ်သည်" ဟုလည်းကောင်း၊ ပုဒ်မ ၃၈၆ တွင် "နိုင်ငံသားတိုင်းသည် ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်" ဟုလည်းကောင်းဖော်ပြထားပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ၏နိဒါန်းတွင် "နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ဥပဒေပြဋ္ဌာန်းရခြင်းဖြစ်ကြောင်း" ဖော်ပြထားသည်ကို တွေ့ရှိရသည်။

တိုင်းပြည်တစ်ပြည် ရင်ဆိုင်နေရသော လုံခြုံရေးကိုခြိမ်းခြောက်နေသည့်အခြေအနေတစ်ရပ်သည် စစ်ဘက်ဆိုင်ရာရည်မှန်းချက်များကို ကျယ်ကျယ်ပြန့်ပြန့်သတ်မှတ်ပြဋ္ဌာန်းရန် လိုအပ်ချက်ပင်ဖြစ်သည်။ ပြည်တွင်းပြည်ပခြိမ်းခြောက်မှုနှစ်ရပ်လုံး ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အခြားတိုင်းပြည်တစ်ပြည်၏ စစ်ရေး၊ နိုင်ငံရေးလွှမ်းမိုးမှုကို သတိထားကြရန်လိုအပ်ပေသည်။ လက်ရှိနိုင်ငံရေးဖြစ်စဉ်များအရ အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းရမည့်ဥပဒေကို အတည်ပြုခြင်းသည် ပြည်သူလူထုနှင့် တပ်မတော်အကြား ယုံကြည်မှုတည်ဆောက်၍ အခက်အခဲများကို အတူလက်တွဲတွန်းလှန်ခြင်းပင်ဖြစ်သည်။

၂၀၂၁ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း အရေးပေါ်ကာလအတွင်း အမျိုးမျိုးသောစိန်ခေါ်မှု၊ ခြိမ်းခြောက်မှု၊ နှောင့်ယှက်ဖျက်ဆီးမှုများကို အေးချမ်းစွာနေထိုင်လိုကြသည့် ပြည်သူများ၏ဆန္ဒအရ"ပြည်သူ့စစ်မှုထမ်းဥပဒေ"ကို အတည်ပြုခြင်းသည် လက်ရှိအချိန်တွင် မှန်ကန်ကောင်းမွန်သော ဆုံးဖြတ်ချက်တစ်ရပ်ဖြစ်ပေသည်။ စစ်မှန်သောမျိုးချစ်စိတ်ဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို တည်ဆောက်ကြရမည်ဆိုသည့်အချက်ကို ပြည်သူတစ်ဦးချင်းစီ နားလည်သဘောပေါက်ပြီး­­­နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။

နိုင်ငံသားတိုင်း စစ်မှန်သောမျိုးချစ်ဓာတ်ရှိမှသာလျှင် တိုင်းပြည်၏ရေရှည်အကျိုးကိုမြော်တွေးဆောင်ရွက်နိုင်မည်ဖြစ်သည်။ ပြည်သူတစ်ဦးချင်းစီ၏ရင်၌ကိန်းအောင်းနေသည့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်သည်သာ နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကကျသည့် အခြေခံအုတ်မြစ်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

အမောင်