သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ စစ်မှုထမ်းကြစို့

 

သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ စစ်မှုထမ်းကြစို့

မြန်မာနိုင်ငံရဲ့ ပထဝီဝင်အနေအထားအရ ပြည်သူ့စစ်မဟာဗျူဟာကို အကောင်အထည်ဖော်ဖို့ စတင်လမ်းညွှန်ခဲ့သူကတော့ ဗိုလ်ချုပ် အောင်ဆန်းဖြစ်ပါတယ်။ သူ့ရဲ့မိန့်ခွန်းတိုင်းလိုလိုမှာ အမြဲတမ်း စစ်အင်အားခိုင်မာတောင့်တင်းရေးကို ပြောခဲ့တာဖြစ်ပါတယ်။ ထင်ထင်ရှားရှားပြောစကားကတော့ အားလုံး သိပြီးဖြစ်တဲ့ ဇူလိုင်လ ၁၃ ရက်နေ့က မိန့်ခွန်းဖြစ်ပါတယ်။ “အရွယ်ရောက်သူမှန်သမျှ စစ်မှုမထမ်းမနေရဆိုတော့ အတင်းဥပဒေနဲ့စစ်ထဲကိုထည့်ရလိမ့်မယ်။ နှစ်နှစ်တန်သည်၊ သုံးနှစ်တန်သည် စစ်ထဲဝင်ရမယ်” ဆိုတဲ့ စကားဟာ မကွယ်လွန်မီတစ်ပတ်ခန့်အလိုမှာပြောခဲ့တာဖြစ်ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်း ကျဆုံးသွားပြီးနောက် လွတ်လပ်ရေးရပြီးချိန်မှာ မြန်မာနိုင်ငံရဲ့အခြေအနေဟာ သူတစ်လူငါတစ်မင်းလို့ပြောရမယ့် အနေအထားရောက်ခဲ့ပါတယ်။

သောင်းကျန်းသူအမျိုးအစားစုံလင်ပြီး ကွန်မြူနစ်အဖြူအနီ၊ ရဲဘော်ဖြူ၊ ရဲဘော်ဝါစသည်ဖြင့် အရောင်တွေစုံလွန်းလို့ ရောင်စုံသောင်းကျန်းသူလို့ ခေါ်ခဲ့ကြရတဲ့အထိဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ၁၉၆၄ ခုနှစ် တပ်မတော်တပ်မှူးများညီလာခံမှာ ပြည်သူ့စစ်မဟာဗျူဟာကိစ္စစတင် ဆွေးနွေးခဲ့ပြီး ၁၉၆၇ ခုနှစ်မှာ ပြည်သူ့စစ်မဟာဗျူဟာကို လက်ခံရေးဆွဲခဲ့ပါတယ်။ အဲဒီမတိုင်မီ ၁၉၅၉ ခုနှစ်ကတည်းက “ပြည်သူ့စစ်မှုထမ်းဥပဒေ” ကိုပြဋ္ဌာန်းခဲ့ပါတယ်။ နောက်နှစ်ပေါင်း ၅ဝ ကျော်ပြီးတဲ့နောက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီလက်ထက်မှာ ယခင်ရှိထားပြီးသားဖြစ်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကိုပြင်ဆင်ကာ ဥပဒေအမှတ် (၂၇/၂ဝ၁ဝ)အဖြစ် ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီဥပဒေကို အခုအခါ ၁၄ နှစ်ခန့်ကြာမြင့်ပြီးတဲ့နောက် ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့မှာ စတင်အာဏာတည်စေခဲ့တာဖြစ်ပါတယ်။ ဒါကပြည်သူ့စစ်မှုထမ်း ဥပဒေဖြစ်ထွန်းလာခြင်းရဲ့သမိုင်းကြောင်းအကျဉ်းချုပ်ပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် အရေးအခင်းကြီးဖြစ်ပွားပြီးတဲ့နောက်မှာ ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီစနစ်ကိုအကောင်အထည်ဖော်ကြရပါတယ်။ ဒီမိုကရေစီစနစ်နဲ့ကိုက်ညီတဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုရေးဆွဲကြရပါတယ်။ နိုင်ငံရဲ့အသက်သွေးကြောလို့ဆိုနိုင်တဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၈၅ တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်ဟု ပြဋ္ဌာန်းထားသလို ပုဒ်မ ၃၈၆ မှာ နိုင်ငံသားတိုင်းသည် ပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်။ ပုဒ်မ ၃၃၉ မှာတော့ နိုင်ငံတော်ကို ပြည်တွင်း/ပြည်ပအန္တရာယ်မှ ကာကွယ်ဖို့ တပ်မတော်ကဦးဆောင်ရမယ်။ ပုဒ်မ ၃၄ဝ မှာ တပ်မတော်ဟာ အမျိုးသားနဲ့လုံခြုံရေးကောင်စီရဲ့ သဘောတူညီချက်နဲ့ နိုင်ငံတော် လုံခြုံရေးနဲ့ကာကွယ်ရေးမှာ ပြည်သူတစ်ရပ်လုံးပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိတဲ့အပြင် တပ်မတော်ရဲ့ဦးဆောင်မှုနဲ့ ပြည်သူ့ စစ်မဟာဗျူဟာ ဖော်ဆောင်ရမယ်လို့ အတိအလင်းပြဋ္ဌာန်းထားပါတယ်။

ပြည်သူတစ်ရပ်လုံးက အရွယ်ရောက်သူအားလုံးက ငါ့နိုင်ငံတော်ကို ငါတို့ကာကွယ်ရတာဟာ မွေးရာပါတာဝန်ဖြစ်တယ်လို့ သိနေကြရပါမယ်။ ဒီကနေ့ တပ်မတော်မှာဝင်ရောက်အမှုထမ်းနေတဲ့သူတွေဟာ ကိုယ်ပိုင် ဆန္ဒသဘောထားနဲ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်နေကြတာ ဖြစ်ပါတယ်။ မိမိတို့ကို ကာကွယ်ပေးနေတဲ့တပ်မတော်၊ နိုင်ငံအတွက် မရှိမဖြစ်တဲ့တပ်မတော်ကို ပုံရိပ်ကျဆင်းအောင်၊ ပြည်သူတွေ အထင်အမြင်လွဲအောင် လုပ်ဆောင်နေသူတွေရှိနေတာ နိုင်ငံတော် ကာကွယ်ရေးအင်အားယုတ်လျော့အောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။ အခု ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်တာဟာ နိုင်ငံတော်ကာကွယ်ရေး တာဝန်ဟာ နိုင်ငံသားအားလုံးရဲ့တာဝန်ဖြစ်တယ်ဆိုတာကို ပြသလိုက်တာပါပဲ။

လက်ရှိတပ်မတော်မှာတာဝန်ထမ်းဆောင်နေသူတွေဟာလည်း ပြည်သူ တွေရဲ့သားသမီးတွေပါပဲ။ အခုဒီဥပဒေအရ တာဝန်ထမ်းဆောင်ကြရမယ့် သူတွေကလည်း ပြည်သူတွေရဲ့သားသမီးတွေပါပဲ။ ဗမာစကားမှာ အလှည့်ကျမနွဲ့စတမ်းဆိုစကားရှိပြီးသားပါ။ ကိုယ့်အလှည့်ကျမှ ဘာကိုတွေးပြီးကြောက်နေရမှာလဲ။ လစာ၊ စရိတ်၊ ခံစားခွင့်အားလုံး တစ်ပြေးညီပေးထားမှာလေ။ တပ်မတော်သားတွေလိုပဲ အခြေခံစစ်ပညာ သင်တန်း ၆ လ တက်ကြရမှာပါပဲ။ ဒီအတိုင်း လက်လွတ်စပယ် စစ်တိုက်ခိုင်းမှာမဟုတ်ပါဘူး။ စစ်မှုထမ်းဖို့အလှည့်ကျလာရင် ယောက်ျားဆိုတဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ကာကွယ်ရေး တာဝန်ထမ်းဆောင်နိုင်ရမှာပေါ့။ တပ်မတော်ထဲမှာက မိမိတို့ရဲ့ တတ်ကျွမ်းထားတဲ့ပညာရပ်တွေအလိုက်ထမ်းဆောင်ရမှာပါ။ ကျွမ်းကျင်ရာ လိမ္မာရာဆိုစကားလိုပဲ။ ရိုးသားကြိုးစားပြီး သတ်မှတ်ကာလကို ကျေပွန်အောင်ထမ်းဆောင်လိုက်ရင် တာဝန်ကျေပွန်တဲ့ နိုင်ငံ့သားကောင်း၊ သမီးကောင်းအဖြစ်ဂုဏ်ယူနိုင်ပြီလေးငါလုပ်နိုင်ခဲ့ပြီဆိုတဲ့ပီတိနဲ့ပေါ့။

ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့စပ်လျဉ်းလို့ ပြည်သူလူထုအတွင်းအသိအမြင်၊ နားလည်မှုလွဲမှားစေဖို့၊ ထင်ယောင်ထင်မှားဖြစ်စေဖို့ ပြည်ဖျက်မီဒီယာ တွေကသွေးထိုးလှုံ့ဆော်မှုတွေ၊ သတင်းအတု၊ သတင်း အမှားတွေ ထုတ်လွှင့်နေတာကြောင့် အခုဆိုရင် နိုင်ငံချစ်တဲ့သတင်းမီဒီယာတွေကနေ ရှင်းလင်းပြောကြားမှုတွေ၊ အသိပညာပေးဆောင်းပါး တွေရေးသားနေကြတာဖြစ်ပါတယ်။ မမှန်မကန်ဝေဖန်မှုနဲ့သွေးထိုးလှုံ့ဆော် နေသူတွေရဲ့အရင်းအမြစ်ဟာ မြန်မာနိုင်ငံမတည်မငြိမ်ဖြစ်ရေး၊ ပျက်သုဉ်းရေးကိုသာအစိုက်တစိုက်ဦးတည် နေတာဖြစ်ပါတယ်။ အခုလိုမျိုး ပြည်သူအများစုကထောက်ခံပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကိုကြိုဆိုတဲ့ တစ်ခဲနက် ဆန္ဒထုတ်ဖော်မှုမြင်ကွင်းတွေမြင်ရတဲ့အခါ သူတို့ရဲ့ဦးတည်ချက်တွေ မအောင်မြင်မှန်းသိနေကြပြီ။ အဲဒီတော့ မစားရတဲ့အမဲ သဲနဲ့ပက်ဆိုသလိုပါပဲ။

နိုင်ငံတော်ကိုပြည်တွင်း၊ ပြည်ပရန်တွေကနေကာကွယ်ဖို့အတွက် ကိုယ့်နိုင်ငံနဲ့ကိုက်ညီတဲ့ စစ်မဟာဗျူဟာကျင့်သုံးနေတာ ဘာတွေမှား နေလို့လဲ။ နိုင်ငံတော်တော်များများမှာလည်း ဒီလိုပဲကျင့်သုံးနေကြတာ ဖြစ်ပါ တယ်။ မြန်မာ့သမိုင်းကိုပြန်ကြည့်ရင် ပုဂံခေတ်ကစလို့ ကုန်းဘောင် ခေတ်နှောင်းအထိ ရာစုနှစ်များစွာ အမြဲတမ်းတပ်မတော်ရယ်လို့မရှိခဲ့ပါဘူး။ ဘုရင့်နေပြည်တော်အရပ်လေးမျက်နှာကို စောင့်ကြပ်ကြရတဲ့ စစ်သူရဲ ၄ဝဝဝ နဲ့ တပ်မှူးလေးဦးတို့ကလွဲရင် တိုင်းပြည်အတွက် စစ်မက်အရေး ပေါ်ပေါက်တဲ့အခါမှသာ ရဲရင့်ကျန်းမာသန်စွမ်းသူတွေကို ဆင့်ခေါ်၊ စုရုံး၊ ဖွဲ့စည်းတိုက်ခိုက်ခြင်းဖြစ်ပါတယ်။ လိုအပ်သလိုအဆင်သင့် ဆင့်ခေါ်နိုင်ဖို့အတွက် မြို့ပြကြီးငယ်အလိုက် ထောင်ပြုမြို့၊ ရာပြုမြို့၊ ဆယ်ပြုမြို့ စတဲ့မြို့ပြများကို တည်ထားခဲ့တာဟာ ပထမမြန်မာ နိုင်ငံတော်တည်ထောင်ခဲ့တဲ့ ပုဂံခေတ်အနော်ရထာမင်းက စတင်ခဲ့တာ ဖြစ်ပါတယ်။ ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်စတဲ့ခေတ်တွေတစ်လျှောက်လုံး ပြည်သူတွေဟာ သာမန်အချိန်မှာ ကုန်သွယ်လယ်လုပ်တဲ့သူတွေဖြစ်ကြပေမယ့် စစ်ရေးစစ်ရာပေါ်ပေါက်လာတဲ့ အခါ များမှာတော့ စစ်သည်တော်တွေဖြစ်လာကြရပါတယ်။

ဒီကနေ့လူငယ်မောင်မယ်တွေရဲ့ ကျောင်းသင်ခန်းစာတွေမှာ အနီးဆုံး ခေတ်ကာလဖြစ်တဲ့ ဗမာ့လွတ်လပ်ရေး တပ်မတော်ပေါ်ပေါက်လာတဲ့ အချိန်ကိုပြန်လည်မြင်ကြည့်လိုက်ပါ။ တပ်မတော်ထဲမှာစစ်မှုထမ်းဖို့ သူ့ထက်ငါအလုအယက်စာရင်းပေး တာဝန်ထမ်းဆောင်ကြလို့ ဗမာ့လွတ်လပ်ရေးတပ်မတော်ဟာ စတင်ဖွဲ့စည်း ချိန်က အင်အား ၂၀၀ သာရှိခဲ့ပေမယ့် အင်အားငါးသောင်းအထိဖြစ်လာခဲ့တာဟာ အဲဒီအချိန် အဲဒီကာလက လူငယ်မောင်မယ်တွေရဲ့ နိုင်ငံတော်ကာကွယ်ရေး စိတ်ဓာတ်ပြင်းထန်ခြင်းကိုသိမြင်နိုင်ပါတယ်။ လွတ်လပ်ရေး ရပြီးတဲ့ကာလ ပြည်တွင်းသောင်းကျန်းမှု၊ ပြည်ပကတရုတ်ဖြူကူမင်တန် ကျူးကျော်မှု တွေဖြစ်နေတဲ့ အချိန်တွေမှာ “လေ့ကျင့်ရင်းတိုက်၊ တိုက်ရင်းလေ့ကျင့်” မျိုးချစ်စိတ်ဓာတ်နဲ့တိုက်ပွဲဝင်ခဲ့ကြလို့ ဒီကနေ့တိုင် မြန်မာနိုင်ငံတည်ရှိနေတာ ဖြစ်ပါတယ်။

နိုင်ငံတော်ကာကွယ်ရေးဆိုတာ နိုင်ငံသားအားလုံးရဲ့ မွေးရာပါတာဝန် ပါပဲ။ ဒါကမြန်မာတစ်နိုင်ငံတည်းရဲ့ ခံယူချက်မဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံတိုင်းရဲ့ယုံကြည်ချက်၊ ခံယူချက်ပါပဲ။ မြန်မာနိုင်ငံမှာတော့ ပိုလို့တောင် လိုအပ်တယ်လို့ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးပေါင်း ၁ဝဝ ကျော် နေထိုင်နေလို့ပါပဲ။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဆိုတာ နိုင်ငံသားတိုင်းက အသိစိတ်ဓာတ်နဲ့လုပ်ဆောင်ရမယ့် အမျိုးသားနိုင်ငံရေးဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အမျိုးသားစစ်မှုထမ်းစနစ် (National Service) ဟာ နောင်အနာဂတ် ကာလများတိုင် ဆက်လက်ဆောင်ရွက်သွားရ မယ့်လုပ်ငန်းဖြစ်ပါတယ်။ နိုင်ငံသားတိုင်း စစ်ပညာ၊ နိုင်ငံတော်ကာကွယ် ရေးပညာတတ်မြောက်ထားကြမှသာ နိုင်ငံတော်ရဲ့အနာဂတ်လှပနေမှာ ဖြစ်ပါတယ်။

နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးကိုအလေးထားတဲ့အနေနဲ့ ပြည်သူ တိုင်းစစ်ပညာတတ်မြောက်ကြရမယ်။ စစ်မှုထမ်းအတွေ့အကြုံရှိရမယ်။ အချိန်မရွေး စစ်တိုက်တတ်ရမယ်။ ဒါဆိုရင်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုတာ ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မာနေမှာဖြစ်ပါတယ်။ စစ်မှုထမ်းခြင်းဆိုတာ နိုင်ငံတော်အတွက်ဖြစ်သလို မိမိအတွက် လည်းဖြစ်ပါတယ်။ စစ်မှုထမ်းတစ်ဦးအတွက်အကြိုလေ့ကျင့်မှုတွေကြောင့် ကိုယ်ခန္ဓာ ကြံ့ခိုင်သန်စွမ်းလာမယ်။ နိုးကြားဖျတ်လတ်မှုရှိလာမယ်။ စည်းကမ်းစနစ်တကျနေထိုင်သွားလာတတ်မယ်။ စိတ်ဓာတ်ခိုင်မာမှုနဲ့ ဇွဲသတ္တိ တွေပြည့်ဝလာမယ်။ မိမိကိုယ်ကိုယုံကြည်မှုတွေတိုးပွား လာမယ်။ တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်တတ်တဲ့စိတ်ဓာတ်တွေကိန်းအောင်းလာမယ်။ အမိန့်နာခံတတ်မှုရှိလာသလို အမိန့်ပေးတတ်သူလည်းဖြစ်လာမယ်။ အများနဲ့အတူစည်းလုံးညီညွတ်စွာနေထိုင်တတ်လာမယ်။ တပ်ထဲရောက်တဲ့

အခါမှာ အသိမိတ်ဆွေတွေတိုးလာပြီး ရဲဘော်ရဲဘက်စိတ်ရှိလာမယ်။

ရဲဘော်ရဲဘက်စိတ်ဆိုတဲ့ ကိုယ့်ဆွေမျိုးသားချင်းတွေထက် ပိုမိုခင်မင်တွယ်တာလာတဲ့စိတ်ရှိလာမယ်။ မေတ္တာ တရားတွေ၊ သံယောဇဉ်တရားတွေ၊ သစ္စာစောင့်သိမှုတွေဖြစ်ပေါ်လာပါလိမ့်မယ်။ အဲဒီကတစ်ဆင့် အဓိကအရေး ကြီးဆုံးဖြစ်တဲ့ နိုင်ငံကိုချစ်တဲ့စိတ်၊ မျိုးချစ်စိတ်တွေကိန်းအောင်းလာပါလိမ့်မယ်။ ထို့အတူ ကိုယ်ချင်း စာနာစိတ်တွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ ရှေးအစဉ်အဆက်က စစ်သည်တော်ကြီးများရဲ့ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်မှု အပေါ် ကိုယ်ချင်းစာနာစိတ် ဖြစ်လာပါလိမ့်မယ်။ သူတို့တွေ ဒီလိုထမ်းဆောင်ခဲ့လို့ ငါတို့နိုင်ငံတော်ကြီး တည်တံ့နေတာ၊ ဂီတာဝန်ကို ငါတို့ဆက်လက်ထမ်းဆောင်ခွင့်ရတာဟာ ဂုဏ်ယူဖို့အလွန်ကောင်းပါလား ဆိုတဲ့ ပိတိစိတ်တွေဖြစ်ပေါ်လာပါလိမ့်မယ်။

နိုင်ငံအတွင်းမှာမှီတင်းနေထိုင်ကြတဲ့နိုင်ငံသားအားလုံးဟာ မိမိတို့ နေထိုင်တဲ့နိုင်ငံတော်ကြီးတည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်တာကို သာမြင်တွေ့လိုသူတွေဖြစ်ပါတယ်။ နိုင်ငံအတွင်းမှာမနေဘဲ ပြည်ပမှာ သွားရောက် နေထိုင်တဲ့အဖျက်သမားတွေကတော့ သူတို့နေထိုင်တဲ့နိုင်ငံ မဟုတ်လိုနေထိုင်ခွင့်မရတော့လို့ နိုင်ငံမတည်မငြိမ် ဖြစ်နေလည်း သူတို့ကို ထိခိုက်တာမဟုတ်ဘူးလေ။ အဲဒီတော့ အမျိုးမျိုးသော သွေးခွဲထိုးနှက်နှောင့်ယှက်တာတွေလုပ်ဆောင်နေတာဟာ တကယ်တော့ အဆန်းမဟုတ်ပါဘူး။ သူတို့ကြောင့် ဘဝပျက်သွားရတဲ့ မိသားစုတွေကသာ သနားစရာတွေပါ။ ဒီမိုကရေစီစနစ်ကိုတည်ဆောက်တဲ့နိုင်ငံမှာ တည်ငြိမ်အေးချမ်းမှုမရှိမဖြစ် လိုအပ်ပါတယ်။ တည်ငြိမ်အေးချမ်းမှ ပြည်သူတွေရဲ့လူမှုစီးပွားရေးဆောင်ရွက်လို့ရမှာပါ။

ပြည်ဖျက်မီဒီယာအချို့နဲ့ တိုင်းပြည်သစ္စာဖောက်အကြမ်းဖက်အဖွဲ့ အစည်းတွေက အခုလိုမျိုး နိုင်ငံအတွက် ပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် မဟုတ်မမှန်သတင်းအချက်အလက်တွေနဲ့ အကြောက်တရား တွေဖြစ်ပေါ်အောင်အမျိုးမျိုးမှိုင်းတိုက်နေတာဟာ ပြည်သူတွေစည်းလုံးညီညွတ်စွာ နိုင်ငံတော်ကာကွယ်ရေးမှာ ပါဝင်လာမှာ ကြောက်ရွံ့နေလို့ပါပဲ။ ပြည်သူတွေစည်းလုံးမှုရှိလေလေ အကြမ်းဖက် အဖျက်သမားနိုင်ငံ့သစ္စာ ဖောက်အတွက်နေရာကျဉ်းလေလေဖြစ်လာ တော့မှာပါ။ မြန်မာနိုင်ငံမှာ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်လိုတဲ့ လူငယ်မောင်မယ်တွေအများကြီးရှိပါတယ်။ လက်ရှိတပ်မတော်မှာ တာဝန်ထမ်းဆောင်သူ အားလုံးက မျိုးချစ်စိတ်အပြည့်နဲ့ မိမိတို့ရဲ့သဘောဆန္ဒအလျောက် ဝင်ရောက်စစ်မှုထမ်းနေကြသူတွေဖြစ်သလို အခုဥပဒေအရစစ်မှုထမ်းမယ့်သူတွေလည်း အများကြီးပေါ်ထွက်လာမှာပါ။

အခုပေါ်ထွက်လာတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေက နိုင်ငံသားတိုင်း အတွက် စစ်မှန်တဲ့ခံယူချက်တွေကို မှတ်ကျောက်တင်ပေးမယ့်အပြင် နိုင်ငံကြီးသားပီသသူတွေအဖြစ် ရေးထိုးမှတ်တမ်းတင်နိုင်မယ့်အခွင့် အလမ်းဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အရန်တပ်ဖွဲ့ ဥပဒေတွေဟာနိုင်ငံတော်နဲ့နိုင်ငံ သားတွေ ကောင်းကျိုးအတွက် ထုတ်ပြန်တာဖြစ်ပါတယ်။ နိုင်ငံသားတိုင်း နိုင်ငံတော် ကာကွယ်ဖို့တာဝန်ရှိတဲ့အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို အရင်ကတည်းကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အဲဒီဥပဒေနဲ့ပတ်သက်လို့ နိုင်ငံတော်အစိုးရအနေနဲ့ တွက်ချက်ချင့်ချိန်ဆောင်ရွက်သွားမှာဖြစ်ပြီး သတ်မှတ်အသက်အပိုင်းအခြားအတွင်းမှ သင့်တင့် လျောက်ပတ်တဲ့အင်အားကိုသာ တာဝန်ထမ်းဆောင်စေမှာဖြစ်ပါတယ်။ အရန်တပ်ဖွဲ့ဥပဒေနဲ့ပတ်သက်လို့လည်း စစ်မှုထမ်းဟောင်းအားလုံးကို ပြန်လည်ခေါ်ယူမှာမဟုတ်ပါဘူး။ ခေါ်သင့်ခေါ်ထိုက်သူတွေကိုသာ ပြန်လည် ခေါ်ယူတာဝန်ပေးအပ်သွားမှာဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေမှာဖော်ပြထားတဲ့အသက်အပိုင်းအခြားနဲ့အကျုံးဝင်နေတဲ့ နိုင်ငံသားအမျိုးသား၊ အမျိုးသမီးတွေအနေနဲ့ လေးလေးနက်နက်စဉ်းစားစေချင်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေ အခန်း(၄)မှာ ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်များကိုပြဋ္ဌာန်းပေးထား ပြီးဖြစ်ပါတယ်။ စစ်မှုထမ်းဆောင်နေစဉ်အတွင်း တပ်မတော်မှာ သတ်မှတ်ထားတဲ့အဆင့်အလိုက်လစာနဲ့စရိတ်အတိုင်း ခံစားခွင့်ပေးထားပါ တယ်။ သတ်မှတ် စစ်မှုထမ်းကာလပြီးသွားရင် အရင်ထမ်းဆောင်ခဲ့ တဲ့အလုပ်အကိုင်မှာ သတ်မှတ်ထားတဲ့အတိုင်း အလုပ်ရှင်က ပြန်ခန့်ထားပေးရမှာပါ။ ဆိုလိုချင်တာက နိုင်ငံတော်ကာကွယ်ရေးမှာ ပါဝင်ဆောင်ရွက်ရလို့ မိမိတို့အတွက် ကောင်းကျိုးတွေ့သာ တိုးပွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ လူငယ်မောင်မယ်တိုင်း သတ္တိရှိရှိရဲရဲ ဝံ့ဝံ့စစ်မှုထမ်းဆောင်ကြရန်ဖြစ်ပါကြောင်းရေးသားတင်ပြလိုက်ပါတယ်။ 

ဘုန်းမောင်ဝင်း(ဖျာပုံ)