သွေးစည်းညီညွတ်ဖို့ စစ်မှုထမ်းကြပါစို့

 

သွေးစည်းညီညွတ်ဖို့ စစ်မှုထမ်းကြပါစို့

ကျွန်မတို့ ငယ်စဉ်ကလေးဘဝက လူကြီးမိဘများ မကြာခဏ သတိပေးတတ်ကြတဲ့စကားတွေကို မှတ်မှတ်ရရ ပြန်လည်ကြားယောင် နေမိပါတယ်။ နံနက်မိုးလင်းလာရင် လေဝင်လေထွက်ကောင်းပြီး လိုအပ်တဲ့နေရောင်ခြည် မျှမျှတတရဖို့နဲ့ အိမ်ကျက်သရေရှိဖို့အတွက် အိမ်ရှေ့မျက်နှာစာတံခါးနဲ့ပြတင်းတံခါးတွေကို စနစ်တကျဖွင့်ဖို့သတိပေး ကြသလို မှောင်စပျိုးချိန်ရောက်လာပြီဆိုရင်လည်း လူဝင်လူထွက်တံခါးတွေနဲ့ ပြတင်းတံခါးတွေကို သေသေချာချာ အထက်အောက်ဂျက်ထိုးပြီး လုံခြုံအောင်ပိတ်ဖို့ သတိပေးကြပါတယ်။

တကယ်တော့ ဒီအလုပ်တွေကို သူတို့ကိုယ်တိုင်မလုပ်ချင်လို့ ကျွန်မတို့ကိုလုပ်ဖို့ခိုင်းစေခဲ့တာမဟုတ်ပါဘူး။ ဒီအလုပ်တွေဟာ ကျွန်မတို့ငယ်စဉ်ဘဝမှာ သူတို့ကိုယ်တိုင်ကိုယ်ကျလုပ်ခဲ့ရတဲ့အလုပ်တွေပါပဲ။ တစ်နေ့နေ့ တစ်ချိန်ချိန် သူတို့တွေမရှိခဲ့ကြတော့ရင် ဘိုးဘေးဘီဘင်အဆက်ဆက်ကရှာဖွေစုဆောင်းခဲ့တဲ့ပစ္စည်းဥစ္စာနဲ့ တည်ထောင်ခဲ့တဲ့အဆောက်အအုံတွေကို ရန်သူမျိုးငါးပါး လုယက်ဖျက်ဆီးမှုရန်က ကာကွယ်တားဆီးနိုင်ဖို့ အိမ်အဝင်အထွက်တံခါးတွေ၊ ပြတင်းပေါက်တံခါးရွက်တွေသာမက ခွေးတိုးပေါက်ပါမကျန်အောင် အချိန်အခါနဲ့ အမျှသတိထားပြီး ပိတ်ကြဖို့၊ ကာဆီးကြဖို့၊ အချိန်အခါမဲ့မဖွင့်ကြဖို့ သတိပေးခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်ကို တဖြည်းဖြည်းချင်း နားလည်သဘောပေါက်လာခဲ့ရပါတယ်။

မြန်မာ့ရုပ်မြင်သံကြား ပြည်တွင်းသတင်းအစီအစဉ်မှာ နိုင်ငံတော်က ပြည်သူ့စစ်မှုထမ်းဥပဒေကို ထုတ်ပြန်တဲ့ သတင်းပါပါတယ်။ ထုတ်ပြန်လိုက်တဲ့သတင်းအပြီးမှာပဲ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ သရော်စာလိုလို တစ်မျိုး မထီမဲ့မြင်ရေးတဲ့စာမျိုးကတစ်သွယ်၊ ကပြက်ကချော်ဆန်တဲ့စာတွေ ရေးတင်တဲ့လူကတင်၊ ကောလာဟလ တွေတင်တဲ့သူကတင်၊ လုပ်ကြံဖန်တီးမှုတွေရေးသူကရေး၊ ဒီကြားထဲစိုးရိမ်ထိတ်လန့်ပြီး သွေးပျက်နေကြတဲ့သူ တွေကလည်း ရှိကြပြန်သေးတယ်။ ထိုညကလူမှုကွန်ရက်စာမျက်နှာတစ်ခုလုံး ဒီသတင်းပဲဖြစ်နေပါတော့တယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ထုတ် နိုင်ငံတော်ပိုင်နေ့စဉ်သတင်းစာများတွင် ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်သည့် အမိန့်ကြော်ငြာစာကို ကျွန်မဖတ်ရတယ်။ ယင်းတွင် စတင်အာဏာသက်ဝင် လာပြီဖြစ်သော ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီမှ ဥပဒေအမှတ်၊ ၂၇/၂ဝ၁ဝ ဖြင့် ပြဋ္ဌာန်းထားခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ(ခ)အရ ယခုကဲ့သို့စတင်အာဏာတည်ကြောင်းသတ်မှတ်ခြင်းဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ နိဒါန်းပိုင်းတွင် “နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့်ဒို့တာဝန်အရေးသုံးပါးကိုစောင့်ထိန်းရန်တာဝန်ရှိသဖြင့်ယင်းတာဝန်ကိုထမ်းဆောင်နိုင်ရေးအလို့ငှာစစ်ပညာသင်ကြားနိုင်ရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ဥပဒေပြဋ္ဌာန်းရခြင်းဖြစ်ကြောင်း" ဖော်ပြပါရှိပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပရမ်းပတာဖြစ်သွားကြသောလူ အချို့ကို ၁၃. ၇. ၁၉၄၇ ရက်နေ့တွင် မြို့တော်ခန်းမကြီးတွင်ကျင်းပသည့် ပြည်သူ့အစည်းအဝေးကြီး၌ လွတ်လပ်ရေး၏ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ပြောကြားခဲ့သည့် မိန့်ခွန်းမှစကားအချို့နှင့် ကောက်နုတ်ဖော်ပြ၍ သတိပေးချင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက “ကျုပ်တို့တိုင်းပြည်အစိုးရလုပ်တဲ့လူတွေက တိုင်းပြည်ကာကွယ်ဖို့အတွက် ဗမာပြည်မှာစစ်သားတွေနည်းနေတယ်ဆို လို့ရှိရင် ဗမာတိုင်း ဗမာတိုင်း အရွယ်ရောက် တဲ့လူမှန်သမျှ၊ ကျန်းမာတဲ့လူမှန်သမျှ စစ်မှုမထမ်းမနေရဆိုပြီးတော့ အတင်းဥပဒေနဲ့ စစ်ထဲကို ထည့်ရလိမ့်မယ်။ အဲဒါမျိုးတွေ လုပ်တန်လုပ်ရလိမ့်မယ်။ နှစ်နှစ်တန်သည်၊သုံးနှစ်တန်သည်စစ်ထဲဝင်ရမယ်။ ဝင်ပြီးတဲ့နောက် စစ်ဖြစ်တဲ့အခါမှာ ဝင်တိုက်ရမယ်ဆိုတာ ခင်ဗျားတို့တိုက်ချင်တိုက်ချင်၊ မတိုက်ချင်မတိုက်ချင် ဝင်တိုက်ရမှာပဲ။ အဲဒါကလည်း တာဝန်ပဲ။ ဒါဟာ လွတ်လပ်ရေးရတဲ့အခါမှာဖြစ်ရမယ့်တာဝန်မျိုးပဲ”လို့ မိန့်ကြားခဲ့ တာဖြစ်ပါတယ်ရှင်။ တန်ဖိုးထားလေးစားထိုက်တဲ့အလွန်နက်နဲပြီး အဓိပ္ပာယ်ရှိလွန်းတဲ့စကားဖြစ်ပါတယ်။

ကျွန်မတို့နိုင်ငံရဲ့ နေ့စဉ်လူနေမှုဘဝ၊ လူမှုစီးပွားဘဝလုံခြုံ အေးချမ်းစွာနေထိုင်သွားလာလှုပ်ရှားနိုင်စေဖို့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဧည့်စာရင်း စစ်ဆေးတာတွေ၊ လိုအပ်တဲ့စစ်ဆေးမှုများပြုလုပ်တာတွေကို မြို့ရွာများမှာဆောင်ရွက်နေကြတာတွေကို ကျွန်မတို့ရဲ့ မိဘပြည်သူ များအနေနဲ့လည်း နေ့စဉ်လိုလို ကြားသိမြင်သိရှိနေကြမှာဖြစ်ပါတယ်။ တစ်ဆက်တည်း မှာပဲ ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးတဲ့နောက်မှာ ကပ်ပါလာတဲ့ကောလာဟလတစ်ခုက လုံခြုံရေးတပ်ဖွဲ့ဝင် တွေက မြို့ရွာတွေမှာ ပေါ်တာဆွဲနေတယ်ဆိုတဲ့ သတင်းတွေပေါ်ထွက် လာတာပဲဖြစ်ပါတယ်။ ရပ်ရွာအေးချမ်းသာယာရေးကို ထိတ်လန့်တုန်လှုပ်ချောက်ချားစေဖို့ ရည်ရွယ်ချက်ထားတဲ့ လုပ်ကြံဖန်တီးမှု လုပ်ရပ်ဆိုတာသိသာထင်ရှားပါတယ်။ ဖာချို့ပြည်ဖျက်မီဒီယာတွေကလည်း ပြည်သူတွေပြည်ပထွက်ခွာခွင့်ကို တားဆီးပိတ်ပင်နေတယ်ဆိုတဲ့သတင်းကို ပြည်သူတွေကြားမှာ လှုံ့ဆော်နေကြတာတွေ့ရမှာဖြစ်ပါတယ်။ ယုံတဲ့လူတွေ လည်းယုံနေကြတယ်။ ယုံတဲ့လူတွေကလည်းယုံတော့ လိမ်တဲ့လူတွေကလည်း အားတက်သရော ရှိကြတဲ့အဖြစ်မျိုးတွေကို ကြားသိနေရပြန်ပါတယ်။

ပြည်ပထွက်ခွာခွင့်နဲ့ပတ်သက်ပြီး ကျွန်မချစ်ရတဲ့ပြည်သူများ နားလည်အောင် ကျွန်မရှင်းပြပေးချင်ပါတယ်။ လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာညွှန်ကြားချက်၊ ကန့်သတ်ချက်များထုတ်ပြန်တာမရှိပါဘူး။ စိစစ်တားဆီး တာမျိုးမရှိပါဘူး။ လေဆိပ်တွေ၊ အိမ်နီးချင်းနိုင်ငံများနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နယ်စပ်ဝင်ထွက်ဂိတ်တွေမှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝင်ထွက်ခွင့်ပြုခြင်းကို ယခုလိုအချိန်ကာလမျိုးမှာ ယခင်ကာလများကထက် ပိုမိုပြီးစနစ်တကျရှိရှိဝင်ဖို့ထွက်ဖို့ ဆောင်ရွက်နေခြင်းသာဖြစ်ပါတယ်ရှင်။

ဒါ့ကြောင့် ပြည်ပထွက်ခွာ ခွင့်နဲ့ပတ်သက်ပြီး သီးခြားထုတ်ပြန် ကန့်သတ်တာမျိုးမရှိပါဘူး ဆိုတဲ့ အကြောင်းလည်းပြောပြချင်ပါတယ်ရှင်။ ကျွန်မကိုယ်တိုင်လည်းနိုင်ငံ့ဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။ ကျွန်မနဲ့နီးစပ် ဆက်နွှယ်သမျှ ကလေးလူကြီးပြည်သူတစ်ရပ်လုံးကိုလည်း ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်လို့မေးမြန်းလာရင် ရှင်းလင်းဖြေကြား ပေးနိုင်အောင် ယခင်ကာလနဲ့ ယခုကာလအခြေအနေအရပ်ရပ်နဲ့ နိုင်ငံတော်ရဲ့သမိုင်းအစစ်အမှန်ကို ထောက်ပြနိုင်တဲ့ အချက်အလက် တွေကိုလေ့လာဖတ်ရှုပြီးမှရေးသား မျှဝေခြင်းဖြစ်ပါတယ်။

ကျွန်မတို့ဝန်ထမ်းဘဝမှာဆိုရင်လည်း ဘေးပယောဂနဲ့စိတ်ကို အရောင်ဆိုးပေးနေကြတဲ့ ပတ်ဝန်းကျင်မျိုး တွေရှိတတ်ပြန်ပါတယ်။ လာရာတူပေမယ့်လားရာမတူကြတဲ့သုတွေလို့ပဲ ကျွန်မယဉ်ယဉ်ကျေးကျေး သုံးပါ့မယ်။ ကျွန်မရဲ့မိဘများက ပြောဖူးခဲ့တဲ့စကားရှိတယ်။ မြေခွေးဆိုတာ သူကအမြီးပြတ်ပြီဆိုရင် သူများကိုလည်းအမြီးပြတ်အောင်လို့လိုက်ဖြတ် တတ်ပါသတဲ့။ အဲ့လို မြေခွေးအမြီးပြတ်နဲ့တူတဲ့လူတွေရှိ ပါတယ်။ ရိုးသားကြိုးစားနေတဲ့ ကျွန်မတို့ဝန်ထမ်းတွေရဲ့စိတ်တွေ၊ နှလုံးသားတွေကို မီးခိုးမှိုင်းတိုက်နေကြတဲ့ သူတွေရှိတဲ့အကြောင်း ကျွန်မသိလိုက်ရတယ်။ နိုင်ငံနဲ့လူမျိုးအပေါ်သစ္စာရှိတဲ့ဝန်ထမ်းကောင်းတွေကို ကျွန်မ အဆုံးရှုံးမခံနိုင်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ သဘောထားအမှန်ကို အခုလိုပဲအသိပညာ ဗဟုသုတဝေမျှဖြစ်ခဲ့ပါတယ်။

မည်သည့်အလုပ်ပင်ဖြစ်စေ ရည်ရွယ်ချက်၊ ဦးတည်ချက်နှင့် ပန်းတိုင်ဟူ၍ချမှတ်ကာ ဆောင်ရွက်ပါမှ အောင်မြင်နိုင်မည်ဆိုသည့်စကားကို လူငယ်တိုင်းလက်ခံမည်ဟုယုံကြည်ပါတယ်။ ပြည်သူ့ စစ်မှုထမ်း ဥပဒေတွင်လည်း ရည်မှန်းချက်ရှိပါတယ်။ ထိုရည်မှန်းချက်မှာ နိုင်ငံသားတိုင်းသည်ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူ သည့် ဒို့တာဝန် အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသူများဖြစ်ပေရာ ယင်းတာဝန်ကိုထမ်းဆောင်နိုင်ရန်အလို့ငှာ စစ်ပညာ သင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန်ဟူ၍ပင်ဖြစ်ပါတယ်။ ကန့်သတ်ချက် တွေလည်းများစွာထားရှိပါတယ်။ သတ်မှတ်ထားတဲ့ အသက်အရွယ်အတွင်းမှာ ဥပဒေနဲ့ကိုက်ညီသူတွေထဲကမှ ပညာသင်ကြားနေဆဲသူ၊ မိအိုဖအိုပြုစုလုပ်ကျွေးနေရသူ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကျန်းမာရေးကြောင့် ဆေးကုသမှုခံယူနေရသူများကို ယာယီရွှေ့ဆိုင်း ပေးထားမှာဖြစ်ပါတယ်။

စစ်မှုထမ်းရန်ဝင်ရောက်လာသူများအတွက်ကိုလည်း အကျိုးခံစား ခွင့်များရရှိစေမှာဖြစ်ပါတယ်။ ပြည်သူ့ စစ်မှုထမ်းဖို့မသင့်လျော်သူတို့ကိုလည်း အကြောင်းမဲ့သက်သက်ခေါ်ယူမှာမဟုတ်သလို ယခုကာလတွင်လည်း အမျိုး သမီးများကို ပြည်သူ့စစ်မှုထမ်းခေါ်ယူရန်မရှိသေးကြောင်းသတင်းထုတ်ပြန် ထားပြီးဖြစ်ပါတယ်ရှင်။

စစ်မှုထမ်းရမည့်အသက်အရွယ်နဲ့ပတ်သက်ပြီး အမျိုးသားအသက် ၁၈ နှစ်မှ ၃၅ နှစ်၊ အမျိုး သမီးအသက် ၁၈ နှစ်မှ ၂၇ နှစ်၊ ကျွမ်းကျင်သူ အမျိုးသားအသက် ၁၈ နှစ်မှ ၄၅ နှစ်၊ ကျွမ်းကျင်သူအမျိုးသမီးအသက် ၁၈ နှစ်မှ ၃၅ နှစ် လို့ သတ်မှတ်ထားတာဖြစ်ပါတယ်။ ကျွမ်းကျင်သူဟုဆိုရာတွင် ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူ များကို ဆိုလိုပါတယ်။

တာဝန်ထမ်းဆောင်ရန်ကာလမှာလည်း စစ်မှုထမ်းရမည့်အသက်အရွယ် ရောက်ရှိသောနိုင်ငံသားတိုင်း ၂၄ လ၊ နိုင်ငံသားများအနက် တပ်မတော်စက်မှုလက်မှုပညာသည်များအဖြစ် အမှုထမ်းရန်ဆင့်ခေါ် ခြင်းခံရသူများ ၃၆ လ၊ ကျွမ်းကျင်သူများ ၃၆ လ၊ နိုင်ငံတော်အရေးပေါ်အခြေအနေဖြစ်ပေါ်လျှင် အစိုးရအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းကာလကို ငါးနှစ်အထိ တိုးမြှင့်သတ်မှတ်နိုင်သည်ဟု ပါရှိပါတယ်။ ဥပဒေပါအဓိပ္ပာယ်ဖော်ပြချက်တွင် မိသားစုဟုဆိုရာ၌ မိဘ၊ ခင်ပွန်း သို့မဟုတ် ဇနီး၊ သားသမီး၊ ညီအစ်ကို မောင်နှမပါရှိခြင်း။ ရဟန်း၊ သာမဏေ၊သီလရှင်ဟုဆိုရာတွင် သာသနာဝင်/နွယ်ဝင်လက်မှတ်ကိုင် ဆောင်သူဖြစ်ခြင်း။ ခရစ်ယာန်အသင်းတော်ကြီးများက အသိအမှတ်ပြုသိက္ခာပေးထားသည့် ပုဂ္ဂိုလ်၊ စံဃာစီ၊ မဟန့် သို့မဟုတ် ဟိန္ဒူဘုန်းတော်ကြီး၊ ပညာသင်ကြားသူတွင် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့်ကျောင်းများ (အစိုးရဖွင့်လှစ်မှု/အစိုးရအသိအမှတ်ပြုမှု)ဟူ၍ ဖြစ်ပါတယ်။

ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေပေါ်တွင် နားလည်သဘောပေါက်ရမည့်အချက်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေသည် ပြဋ္ဌာန်းလိုက်သည်နှင့် ချက်ချင်းစစ်မှုထမ်းရန်ခေါ်ယူမည်မဟုတ်ပါ။ ပြည်သူ့ စစ်မှုထမ်းနည်းဥပဒေများ စနစ်တကျရေးဆွဲပြီးချိန်မှသာ စစ်မှုထမ်းစနစ်စတင်မည်ဖြစ်ပါတယ်။ အသက်အရွယ် အားဖြင့် အကျုံးဝင်သူများကိုအတင်းအဓမ္မခေါ်ယူတာဝန်ထမ်းဆောင်စေမည်မဟုတ်ဘဲ ပညာသင်ကြား နေသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ မိအိုဖအိုလုပ်ကျွေးနေရသူများ၊ ဆေးကုသမှုခံယူနေရသူများကို ယာယီရွှေ့ဆိုင်း ပေးထားမှာဖြစ်ပါတယ်။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဟူသော ဒို့တာဝန်အရေးသုံးပါးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ထာဝရတည်ရှိမြဲမြံစေရန် လိုအပ်သော အမျိုးသားအကျိုးစီးပွားပင်ဖြစ်ပါတယ်။ ပြည်သူလူထု၏ ဆန္ဒဖြစ်သော စစ်မှန်စည်းကမ်းပြည့်ပ သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ပြန်လည်လျှောက်လှမ်းနိုင်ရန် ဦးစွာလိုအပ်ချက်မှာ နိုင်ငံ အတွင်း တည်ငြိမ်အေးချမ်းမှုရရှိရေးဖြစ်ပါတယ်။

နိုင်ငံကြီးတစ်ခုလုံးကိုမဆိုထားနှင့် ကျွန်မတို့မိသားစုတစ်စု၊ အိမ်ထောင်စုတစ်ခုမပြိုကွဲရေး၊ တည်တံ့ခိုင်မြဲရေး အဖျက်အမှောင့် သမားများရန်မှ ကာကွယ်ရန်အတွက် တာဝန်အရှိဆုံးသူများမှာ မိသားစုဝင်အရင်းများသာဖြစ်ပေရာ အဖျက်အမှောင့်တို့ ဝင်ရောက် လာနိုင်သည့် လမ်းအသွယ်သွယ်ကိုပိတ်ပင်တားဆီးရန်နှင့် ဝင်ပေါက်တွေကို စနစ်တကျစောင့်ကြပ်ရန်တာဝန်တို့သည် အမိနိုင်ငံတော်၏ သားကောင်းရတနာတိုင်းတွင် အဓိကတာဝန်ရှိပါတယ်။ ဘိုးဘေးဘီဘင်တို့၏ ဆုံးမစကားများကား အဖိုးတန်ပေစွ။ သွေးစည်းကြဖို့၊ ညီညွတ်ကြဖို့ အကောင်းဆုံး အချိန်အခါလည်းဖြစ်သလို တံခါးတွေလုံအောင်ပိတ်သလိုမျိုး အားလုံးပါဝင်တဲ့ကာကွယ်ရေးစနစ် စတင်နေပြီဖြစ်လေရာမြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် အမျိုးသားစစ်မှုထမ်း စနစ်တွင် ပါဝင်ထမ်းဆောင်ကြရန်နှင့် အားပေးထောက်ပံ့ကူညီပံ့ပိုးကြရန် တိုက်တွန်းလိုက်ရပါတယ်။  

ခင်လေး(ပြည်ထောင်စုနယ်မြေ)