အားနာခဲ့ကြောင်း ပြောပါလေ

အားနာခဲ့ကြောင်း ပြောပါလေ

ဆရာမင်းသုဝဏ်၏ သူ့မှာတမ်းကဗျာလေးကို အလယ်တန်း၊ အထက်တန်း ကျောင်းသားဘဝက သင်ကြားခဲ့သည်လား၊ ကိုယ့်ကိုကိုယ် ဖတ်မှတ်လေ့လာခဲ့လို့ သိခဲ့သည်လား၊ စာပေယောင်ရင်း မိတ်ဆွေများပြောကြလို့ သိလေသည်လားဆိုတာ မသဲကွဲတော့ပေမဲ့ ကဗျာကလေးက ရင်ထဲမှာ စွဲ​ကျန်နေခဲ့တာတော့ သိနေသည်။ ရသ၉ပါးထဲက စိတ်အားတက်ကြွဖွယ်ရာ မောင်ပြောက်ကျား၏ တာဝန်ထမ်းဆောင်မှုကိုတွေ့ရ၍ ရဲရင့်ခြင်း ဝီရရသကိုခံစားမိလိုက်သလို၊ ချစ်သူဖြစ်သူကို ခွင့်လွှတ်ခဲ့ကြောင်းနှင့် မိဘဖြစ်သူကို ဦးတင်ရှစ်ခိုးခဲ့ကြောင်းတွေ့ရ၍ ဂရုဏာရသ ဖြစ်သည့် သနားခြင်းကို ခံစားမိရသည်။ တိုင်းပြည်ကိုတော့ အားနာခြင်းဆိုသည့် ချစ်ခင်မြတ်နိုးမှုဖြစ်သည့် သိင်္ဂါရရသခံစားခဲ့ရသည်။ ထို့ပြင် ကြမ်းကြုတ်သည့် ရုဒ္ဒရသနှင့် စက်ဆုပ်ရွံ့မုန်းစရာ ဝိဘစ္ဆရသလည်း မြောက်ကြောင်း တွေ့ရှိရသည်။

အားနာမိတာ

အင်္ဂလိပ်ဘာသာစကားတွင် အားနာတာနှင့်ပါတ်သက်၍ တိုက်ရိုက်ဖွင့်ဆိုသည့်စကားမရှိဟုဆိုသည်။ မြန်မာမှာသာရှိသည့် သည်စကားလေးက မြန်မာစာအဘိဓာန်တွင်"မိမိကြောင့်တဖက်သားတွင်အနှောင့်အယှက်ဖြစ်မည်ကိုစိုးရိမ်သည်။အနှောင့်အယှက်ဖြစ်ရသည်အတွက် စိတ်မချမ်းမသာဖြစ်သည်"ဟု ဆိုသည်။ ကိုယ့်အတွက်ကြောင့်နှင့် တဖက်သားကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေလိုသည့်စိတ်က အရင်းခံဟု ဆိုရပေမည်။ မြန်မာစကားတွင်ရော မြန်မာအမူအကျင့်တွင်ပါ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနေသည့် သည်စကားရပ်ကလေးကိုတော့ မြန်မာပီပီ စိတ်ထဲတွင်စွဲကာ အလျဥ်းသင့်သလို လက်ကိုင်ထား သုံးမိနေတုန်းပဲဖြစ်သည်။ ကိုယ်ချင်းစာသည်ဟုလည်း ထင်ရပြီး သည်စကားစုလေးကိုတော့ မြတ်နိုးစွာ ရင်ထဲထားမိသည်။

သူ့မှာတမ်း

ကဗျာကို ဖတ်ရသည်မှာ ရင်တွင်ဆွတ်ပျံ့နာကျင်ရသည်။ ကဗျာသည် အနားတွင် မောင်ပြောက်ကျားကိုယ်တိုင် လာပြောနေသလိုလို၊ ပြဇတ်တစ်ပုဒ်လို လူအများပါဝင် သရုပ်ဆောင်ထားသကဲ့သို့ သက်ဝင်လှုပ်ရှားနေသလိုလို ဖြစ်နေရသည်။ ကဗျာတွင် ရေးသားမထားသည့် မြှုပ်ထားသည့် စကားလုံးကို ရင်ထဲအသည်းထဲတွင် ထင်ထင်ရှားရှား မြင်မိရသည်ကိုက သည်ကဗျာ၏ အသက်ဟု ဆိုရပေမည်-

သူတို့အဆုတ်၊ထားခဲ့မြုပ်သည့်

ဗုံးငုတ်တိုက်မှား၊မောင်ပြောက်ကျားကို

ရွာသားရွာသူ၊မေးကြမြူသည်

အူအူယမ်းငွေ့ ထတုန်းတည်း။

အမောင်ပြောက်ကျား၊ချစ်သူအားကို

ဘာများမှာခဲ့လိုသနည်း"။

"ငယ်ကကြင်မြတ်၊မိသက်မှတ်ကို

ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ"။

"အမောင်ပြောက်ကျား၊မိဘအားကို

ဘာများမှာခဲ့လိုသနည်း"။

"မွေးသည့်မိခင်၊မွေးဖခင်ကို

ဦးတင်ခဲ့ကြောင်း ပြောပါလေ"။

"အမောင်ပြောက်ကျား၊တိုင်းပြည်အားကို

ဘာများမှာခဲ့လိုသနည်း"။

"ခရီးမတ်တပ်၊လမ်းခုလတ်တွင်

ကိုယ်လွတ်ရှောင်ခွာ၊ခွဲရပါ၍

အားနာခဲ့ကြောင်း ပြောပါလေ။”

ယမ်းငွေ့အူအူ၊တလူလူနှင့်

မေးမြူ ကြတုန်း၊အနောက်ကုန်းတွင်

နေလုံးကွယ်လေပြီတကား ။

ယမ်းငွေ့အူအူ

မြန်မာနိုင်ငံတွင် သင်္ချာပုစ္ဆာတစ်ပုဒ်နှယ်ပေးထားချက်များရှိနေနှင့်ပြီးသား ဖြစ်နေသည် များရှိသည်။ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှာန်းနှင့် ရွှေထီးဆောင်းနေလာခဲ့ရာက ထိုစဥ် အမြင်ကျယ် အသိကြွယ်သူတို့၏ နယ်ချဲ့စိုးမိုးခြင်းဒါဏ်ခံခဲ့ရသည်။ မြန်မာတစ်နိုင်ငံလုံး အနေဖြင့် ကိုလိုနီသူ့ကျွန်ဘဝ ရောက်ခဲ့ရသည်မှာ နှစ်ပေါင်း ၁၂၄ နှစ်တာ ရှည်လျား ခဲ့သည်မှာလည်း ပေးထားချက်တစ်ခုပင်ဖြစ်သည်။ လွတ်လပ်ရေးရစဥ်တွင် ပြည်တွင်း စစ်က တစ်ပါတည်းဖြစ်ပေါ်ခဲ့ပြီး ယခုသည်မှာဘက်ခေတ်ကာလအထိ ပြည်တွင်း မငြိမ်မသက်ဖြစ်ကာ တိုက်ခိုက်နေရသည့် တပ်မတော်၏ အဖြစ်ကလည်း ပေးထားချက် တစ်ခုပင်ဖြစ်သည်။ ပထဝီပေးထားချက်အရကလည်း လူဦးရေများပြားပြီး စစ်အင်အား ကြီးမားသည့် ပတ်ဝန်းကျင်နိုင်ငံများကြားရပ်တည်နေထိုင်ရသည်ကလည်း မိမိနိုင်ငံ အတွက် ထိုးနှက်ချက်တစ်ခုပင်ဖြစ်သည်။ ထိုပေးထားချက်များအရ မိမိတိုနိုင်ငံအနေဖြင့် ရှေးကိုရောက်သင့်သလောက်မရောက်ခဲ့ရပဲ ကဗျာထဲကလို ယမ်းငွေ့တအူအူနှင့် မှုန်ဝါးနေရသည်။

မောင်ပြောက်ကျား

ကဗျာထဲကဇတ်ဆောင် မောင်ပြောက်ကျားကား နယ်ချဲ့တော်လှန်ရေးတွင် အသက်ဆုံး ရှုံးရသည်။ ဤကဗျာတွင်လည်း အထက်ကပေးထားချက်များအရ ဇတ်ဆောင်ခမျာ ချစ်ရသည့်အိမ်သူသက်ထားကိုလည်း စွန့်ခွာရသလို မိခင်၊ဖခင်အား ထားခဲ့ရသည့်ပြင် ချစ်ရပါသောတိုင်းပြည်အားလည်း ချန်ရစ်ခဲ့ရသည်မှာ ခေတ်စနစ်၏ အနေအထားကို မီးမောင်းထိုးပြထားသလို ကွက်ကွက်ကွင်းကွင်းမြင်နေရသည်။ ရှေးအခါကို ဇတ်ကွက်ပြု၍ ရည်ညွှန်းထားပေသော်လည်း ယခုအခါထိကို ထင်ဟပ်နေဆဲဖြစ်သည့် ကဗျာလေးပင် ဖြစ်သည်။ တိုင်းပြည်နိုင်ငံအတွက် တာဝန်ထမ်းဆောင်ရင်းမတ်တပ် လမ်းခုလတ်၌ အသက်ပေးရ​သော်လည်း တိုင်းပြည်အတွက် ဆက်လက်တိုက်ပွဲဝင် လိုစိတ်က အထင်းသားပေါ်လွင် နေပေသည်။ မောင်ပြောက်ကျား၏ မပြီးဆုံးသေးသော ပန်းချီကားကို ခုခေတ်တပ်မတော်များက ဆက်လက်ခြယ်မှုန်းနေရသည့် အဖြစ်ကား ပြောမဆုံးပေါင် တောသုံးတောင်မက ဖြစ်ရချေသည်။

ကိုယ့်ပေါင်ကိုယ်လှန်ထောင်း

ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသော် အနည်းငယ်သက်သာသည်ဟု ဆိုရချေမည်။ ထိုမပြီးဆုံးသေးသော ပန်းချီကားသည်ကား လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာခဲ့သည့် ပေးထားချက်ဖြစ်ရကား နောက်လူများအနေဖြင့် တိုင်းပြည်၏အမွေကို ဆိုးဆိုးကောင်း ကောင်း ဆက်ခံကြရမြဲဖြစ်သည်မို့ ဆက်ခံခဲ့ကြသည်ဟု ဆိုရမည်။ ထိုအခါပြည်တွင်း စစ်မီး၏ လောင်ကျွမ်းမှုက ဆက်လက် ဆင့်ကမ်းအမွေ ရခဲ့ပေသည်။ ထိုအမွေသည် ယခုအချိန်ထိ မပြီးမစီးဖြစ်နေရချေသည်။ အစိုးရအဆက်ဆက်က ငြိမ်းချမ်းရေးဖော် ဆောင်ကြပေမဲ့ ထိုက်သင့်သလောက် ခရီးမရောက်ပဲ တစ်ဝက်တစ်ပျက်နှင့်သာ ဖြစ်ရသည်။ ငြိမ်းချမ်းရေးခရီးမပေါက်သဖြင့်တိုင်းပြည်တည်ဆောက်ရေး၏ အခြေခံ အဆောက်အဦများဖြစ်သည့် ဆည်မြောင်းတာတမံ လမ်းတံတားတို့သည်လည်း ရှေ့ကဆောက်လိုက် နောက်ကဖျက်ဆီးလိုက်နှင့်သာ သံသရာလည်ရသည်။ နိုင်ငံ၏ ရေမြေတောတောင်သဘာဝအလှတရားနှင့် သယံဇာတပေါကြွယ်ဝမှုတို့သည်လည်း ထိုက်သင့်သလောက် အရာမထင်ပဲ ရှိရချေသည်။

နိုင်ငံတော်ကာကွယ်ရေးပညာ

ကဗျာထဲတွင် မောင်ပြောက်ကျားက လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်းမတ်တပ်ဖြင့် လမ်းခုလတ်၌ မောင်သောင်းကျန်းတို့ထောင်ထားသည့် မြေမြှုပ်ဗုံးကြောင့် အသက်ဆုံရှုံးရမည့်ဆဲဆဲတွင် တိုင်းပြည်ကို အားနာခဲ့လေသည်။ သူဆက်လက်၍ တိုက်ပွဲဝင်လိုသော်လည်း အခြေအနေက မပေးတော့သဖြင့် အားနာခဲ့ခြင်းဖြစ်သည်။ သည်သို့ဆိုလျှင် မောင်​ပြောက်ကျားကဲ့သို့ သည်မြေမှာနေ သည်ရေကိုသောက် သည်တိုင်း ပြည်၏ အသီးအပွင့်ကိုစားကာ သည်အရိပ်ကိုခိုလှုံနေသူတို့သည် သည်တိုင်းပြည်ကို အားနာသင့်ပေသည်။ သည်တိုင်းပြည်အရေးသည် ကိုယ့်အရေးပင်ဖြစ်ကာ သည်တိုင်း ပြည်ကို ကာကွယ်ရမည်မှာ မြေကြီးလက်ခတ်မလွဲ ထမ်းဆောင်ရမည့်တာဝန်ပင်ဖြစ်​သည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရသည်။ အချိန်အခါသင့်၍ ကြုံကြိုက်ချိန်တွင် ချစ်သော နိုင်ငံတော်အရေးကို အလေးထား၍ကိုယ့်ရပ် ကိုယ့်မြေ ကိုယ့်ရေအတွက် နိုင်ငံတော်ကာကွယ်ရေးပညာသည် တတ်မြောက်ထားရန် လက်ငင်းလိုအပ်နေပေသည်။ ထိုပညာသည် ကိုယ့်နိုင်ငံတော်ကို ဖြိုဖျက်ဖို့ကြံစည်အားထုတ်သူများ၏ အန္တရာယ်မှ ကာကွယ်ရန်"ကိုယ်လုံ"ပညာရပ်ပင်ဖြစ်သည်။

မင်းကြီးသုံးပါးပေးသည့် အမျိုးသားရေးတာဝန်

ယခုတည်တံ့နေသည့် နိုင်ငံတော်မြေပုံသည် အနော်ရထာမင်းကြီး၊ ဘုရင့်နောင် မင်းကြီးနှင့် အလောင်းဘုရားမင်းကြီးတို့ ဝန်းဝိုင်းရေးဆွဲပေးခဲ့သည့် နိုင်ငံတော်နယ်နမိတ် ပင်ဖြစ်ပေမည်။ ထိုနယ်နမိတ်သည် ထိုမင်းတရားကြီးတို့ ဆေးနှင့်ရေးဆွဲခဲ့ခြင်းမဟုတ်ပဲ သွေးနှင့်ချွေးနှင့် ရေးဆွဲခဲ့သည်ဟု ဆိုရပေမည်။ ထိုနယ်နမိတ်ကို ရှေးတပ်မတော်သား တို့၏အရိုးများဖြင့် စည်ရိုးထိုးခဲ့သည်ဟု ဆိုရချေသော် မှားမည်မထင်ပါ။ သည်နယ်နမိတ်ကိုပင် ခေတ်အဆက်ဆက် တပ်မတော်သားတို့သည်စည်းရိုးကို အခိုင်အမာဖြစ်အောင် တည်ခဲ့ကြသည်။ ပြည်ထောင်စုမပြိုကွဲအောင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲအောင်တည်ဆောက်ကာအချုပ်အခြာအာဏာတည်တံ့ခိုင်မြဲ အောင်ဆောင်ရွက်ခဲ့ကြသည်ဟု ဆိုရပေမည်။ ယခုတစ်ဖန် မင်းကြီးသုံးပါးပေးသည့် အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ရန် ပျိုမြစ်သည့်နိုင်ငံသူ နိုင်ငံသားများ အလှည့်ရောက်လို့နေပြီဖြစ်သည်။ ဇာတိမာန် ဇာတိသွေးတို့နိုးဆွကာဖြင့် ပြည့်ရေးပြည့်ရာဝန်တာကို ကျေပြွန်စွာ ဆောင်ရွက်ကြစေလိုသည်။ တို့ခေတ်ရောက်မှ မညံ့ကြစေလိုပါ။

သစ္စာနှင့်တွဲဖက်၍

ချစ်ခြင်းဖွဲ့တွေတွင် သစ္စာနှင့်တွဲဖက်၍ ဖွဲ့ဆိုသီကုံးကြသည်ကို တွေ့နေရသည်။ ချစ်ခြင်းကို ပိုမိုခိုင်မြဲတာရှည်အောင် သစ္စာဆိုသည်နှင့် ဆက်စပ်ထားမှုမှာ ပန်းကတစ်ခြား၊ သီကုံးသည့်ကြိုးက တစ်ခြားမဖြစ်ဘဲ တဆက်တစပ်တည်း တစ်သားတည်းဖြစ်နေမှုကိုမြင်ရသည်။ ထို့အတူ တိုင်းပြည်နိုင်ငံချစ်စိတ်ကို သစ္စာ စောင့်သိမှုနှင့် ဆက်စပ်လိုက်သောအခါ ရုပ်လုံးပိုကြွလာပြီး ပိုမိုပီပြင်သည့် အမျိုးကိုချစ်မှု၊ နိုင်ငံကိုချစ်မှုအဖြစ် အသက်ဝင်လာသည်ဟု ဆိုရချေမည်။ ထို့ကြောင့်ပင်လျှင် တပ်မတော်သားတို့သည် သစ္စာဆိုမှုကို နံနက်မိုးလင်းမှစ၍ ထမင်းစားချိန်မကျန် ညနေချိန်ပင်မထားပဲ သစ္စာအဓိဋ္ဌာန်ပြုနေကြသည်မှာ သစ္စာနှင့်ထုံမွှမ်းနေသည့် စစ်သားများဟုဆိုလျှင် မှားမည်မထင်သည့် သစ္စာလူသားများဖြစ်ကြသည်။ "စကားသစ္စာ၊ မှန်သောခါကား၊ သြဇာလေးနက်၊ ပေါ်ဆီတက်၍၊ နွယ်မြက်သစ်ပင်၊ ဆေးဖက်ဝင်သည်" ဆိုသည့်အတိုင်းပင်သစ္စာနှင့် ထုံမွှမ်းလျှင် နွယ်ပင်၊ မြက်ပင်တောင် ဆေးဖက်ဝင်သည် မဟုတ်ပါလော။

သူ့မှာတမ်းကဗျာ၏ အသက်

သူမှာတမ်းကဗျာတွင် ဇတ်ဆောင်မောင်ပြောက်ကျားသည် သောင်းကျန်းများ၏ မြေမြှုပ်ဗုံးကြောင့် ထိခိုက်ဒါဏ်ရာရ၍ သေအံ့မူးမူး မကျဆုံးခင် အချိန်လေးတွင် ဒါဏ်ရာအနာတရများကို မမှုရှာပဲ ခမျာမှာ အချိန်ကိုလု၍ ချစ်သူကိုလည်းမှာ၊ မိဘကိုလည်းမှာ၊ တိုင်းပြည်ကိုမှာရှာသည်။ ထိုအချိန်ကလေးတွင် ပုထုဇဥ်လူသားမို့ ချစ်သူနှင့် မိဘကို သတိတရ မှာကြားနေရင်းက သစ္စာနှင့်ဖွဲ့တည်ထားသည့်သူမို့ တိုင်းပြည်ကိုလည်း လွတ်လပ်ရေးမရခင် စောစီးစွာခွဲခွာခဲ့ရ၍ ဆက်လက် တိုက်ပွဲဝင်ရမည့်ချိန်တွင်ကိုယ်လွတ်ရုန်းလိုက်သလိုဖြစ်ပြီးအားနာမိပါကြောင်းပြောနေရှာသည့်ပုံမှာစိတ်မှာခံစားရမှုအရှိန်Tempoကို စကားလုံးဖြင့် အသွင်ပြောင်း၍ မဖော်ပြနိုင်ပါ။  ထိုကဗျာ၏အသက်ကိုလည်း လျှပ်တပြက်ဆိုသလို ရုတ်ခနဲမြင်မိလိုက် သည်။ ထိုစိတ်မှာတိုင်းပြည်ကိုစိတ်မချနိုင်သည့် "အမျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်"ဆိုသည့် တိုင်းပြည်အတွက် ဦးထိပ်ထားသည့် စိတ်ပင်ဖြစ်သည်။ထိုစိတ်မျိုးကို လက်ရှိနိုင်ငံသူ နိုင်ငံသားများစိတ်တွင် ထပ်တူကူးမိတ္တူယူ၍ နိုင်ငံတော်ကာကွယ်ရန် ယခုလို ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချိန်၌ "အမျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်"အရင်းတည်လျက် ရွက်ဆောင်နိုင်ကြပါရန် ရေးသားလိုက်ရပေသည်။

ဗန်ညို